ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အမှာစကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ရေး ကြိုးပမ်းမှု အဖြစ်လည်း အမျိုးသမီး ၁၀၀ အရေးယူ ဆောင်ရွက်မှုတရပ်အဖြစ် နိုင်ငံတကာ အမျိုးသမီးပေါင်း ၁၀၀ တို့ဟာ အမေရိကန် ပြည်ထောင်စုမှာ လာရောက် စုဝေးကြပြီး အတွေ့အကြုံတွေကို ဖလှယ်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဗွီဒီယိုကတဆင့် အမှာစကား ပြောကြားရာမှာ သူ့အနေနဲ့ ၁၉၉၅ ခု စတုတ္ထအကြိမ် ဘေဂျင်း အမျိုးသမီးများ ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့စဉ် လူ့အခွင့်အရေးဟာ အမျိုးသမီးများ အခွင့်အရေး ဖြစ်သလို အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာလည်း လူ့အခွင့်အရေး ဖြစ်တယ်လို့ ပြောကြားခဲ့စဉ်က ကမ္ဘာကြီးအနေနဲ့ အတော့်ကို ကြိုဆိုအားပေးခဲ့ကြတာ တွေ့ရလို့ ၀မ်းမြောက်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ၁၆ နှစ်အကြာဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခန်းကဏ္ဍဟာ အားနည်းဆဲရှိတာ တွေ့ရတယ်လို့လည်း ၀န်ကြီး ကလင်တန်က အခုလို ထောက်ပြသွားပါတယ်။
“ဒါပေမဲ့ ၁၆ နှစ် အကြာမှာတော့ အမျိုးသမီးတွေဟာ ဆင်းရဲမွဲတေမှု၊ စစ်မက်ဖြစ်ပွားမှု၊ ရောဂါဘယနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေရဲ့ ဒဏ်တွေကို အဆိုးဆုံး ခံနေရတုန်းပဲ ရှိနေတာ တွေ့ရပါတယ်။ ဘုတ်အဖွဲ့ အစည်းအဝေးတွေမှာ၊ အစိုးရ ညီလာခံတွေမှာ၊ ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှုတွေမှာ အဓိကကျတဲ့ အဆုံးအဖြတ် ပေးရမယ့် နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုဟာ သိပ်ကိုနည်းနေတာ တွေ့ရပါတယ်။”
ဒါကြောင့်လည်း ဘေဂျင်းညီလာခံမှာ ချမှတ်ခဲ့တဲ့ လျာထားချက်တွေ ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်ဖို့ အများကြီး ကျန်ရှိနေသေးတယ်လို့လည်း ၀န်ကြီး ကလင်တန်က ပြောကြားပြီး ရရှိခဲ့တဲ့ အကျိုးဖြစ်ထွန်းမှုတွေကို သွေးစည်းခိုင်မာစွာ စုစည်းကာ ရှေ့ဆက်ဆောင်ရွက်သွားဖို့ အရှိန်ယူကြရမယ်လို့လည်း အခုလို ပြောကြားသွားပါတယ်။
“အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ အမျိုးသမီးတွေကို ဦးစားပေးဆဲ ရှိပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့အပြင် ဒီလိုလုပ်တာဟာ ဉာဏ်အမြော်အမြင် ကြီးရာလည်း ရောက်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ နိုင်ငံတွေရဲ့ စီးပွားရေးအတွက် မောင်းနှင်အားတရပ် ဖြစ်သလို ငြိမ်းချမ်းရေးနဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တည်ဆောက်ပေးကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံတာဟာ နိုင်ငံတကာ စီးပွားရေးကို တိုးတက်စေရုံသာမက နိုင်ငံရေး တည်ငြိမ်မှုနဲ့ ကမ္ဘာတ၀န်း တိုးတက် ဖွံ့ဖြိုးမှုကိုလည်း အားပေးရာ ရောက်ပါတယ်။”
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဘ၀အာမခံချက် ရရှိဖို့ ပညာရေး၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ အလုပ်အကိုင် ရရှိရေးအပြင် အကြမ်းဖက်မှုကင်းတဲ့ဘ၀ နေထိုင်ပိုင်ခွင့်လည်း ရရှိကြရမယ်လို့ ၀န်ကြီး ကလင်တန်က တိုက်တွန်းသွားပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် အရေးယူ ဆောင်ရွက်မှုအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက နိုင်ငံပေါင်း ၉၂ နိုင်ငံက အမျိုးသမီးပေါင်း ၁၀၀ ကို ပညာရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အောက်မှာ အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
အဲဒီ အမျိုးသမီးပေါင်း ၁၀၀ တို့ဟာ ပညာရေး၊ စီးပွားရေး၊ အခြေခံ လူ့အဖွဲ့အစည်း၊ အုပ်ချုပ်ရေး၊ ဥပဒေ ထိန်းချုပ်ရေး၊ သတင်းမီဒီယာ အစရှိတဲ့ ကဏ္ဍတွေမှာ ဦးဆောင် ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် သီတင်း ၃ ပတ်ကြာအတွင်း အမေရိကန်နိုင်ငံ တခွင်ရှိ ပြည်နယ်တချို့ကို သွားရောက်ကာ ခေါင်းဆောင်မှု အတွေ့အကြုံတွေကိုလည်း ဖလှယ်ကြမှာ ဖြစ်ပါတယ်။