သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျား-မ တန်းတူ အခွင့်အရေးရှိမှ လူမှုဝန်းကျင် ပိုတိုးတက်မည်


ထိုင်းနိုင်ငံ၊ တာ့ခရိုင်အတွင်း ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုဆုပေးခံရသူ ၇ ဦးမှာ ပါဝင်တဲ့ ဒေါက်တာစင်သီယာမောင် (ယာ-အစွန်) ဓာတ်ပုံ၊ ဗွီအိုအေ
ထိုင်းနိုင်ငံ၊ တာ့ခရိုင်အတွင်း ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုဆုပေးခံရသူ ၇ ဦးမှာ ပါဝင်တဲ့ ဒေါက်တာစင်သီယာမောင် (ယာ-အစွန်) ဓာတ်ပုံ၊ ဗွီအိုအေ
မတ်လ (၈) ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်း ၄၀ ကျော် ပါဝင်တဲ့ MRPWG လို့ခေါ်တဲ့ မြန်မာအလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ထိုင်းလူမှု ဖူလုံရေးအဖွဲ့တွေ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။ ဒီပွဲအတွင်း တာ့ခရိုင်အတွင်းက လူထုအကျိုးပြု ဆောင်ရွက်နေတဲ့အထဲမှာ ထိုင်း-မြန်မာနယ်စပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ဒီနှစ်ဆောင်ပုဒ်ကတော့ Equality for woman is progress for all (အမျိုးသမီးများအားလုံး ညီတူညီမျှဖွံ့ဖြိုး တိုးတက်ဖို့) ဖြစ်ပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းလူမူဖူလုံရေးဌားနနဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စီတန်းလမ်းလျှောက်ပွဲတွေနဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ကြတာပါ။

မဲဆောက်မြို့ရဲ့ မြို့ပိုင်ရုံးမှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ပွဲမှာ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီး (၇) ဦးကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။ ဒီအထဲမှာ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ပါတယ်။

ထိုင်းလူမှု ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး နိုင်ဝိချိ ရန်ချာဝါလစ်က ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် ဒေါက်တာ စင်သီယာမောင်ကို ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ လူမှုထူးချွန်ဆု ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပြီး လူမှုဖွံ့ဖြိုးရေးဌာနအနေနဲ့ ထိုင်းအစိုးရရဲ့ တာဝန်ပေးချက်အရ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးတဲ့နေရာမှာ NGO အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တဲ့အကြောင်း မယ်တော်ဆေးခန်းအနေနဲ့ လူမှုဖွံ့ဖြိုးရေးဌာနကို အချိန်မရွေး ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်းတွေကိုလည်း ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထိုင်းလူမှုဖွံ့ဖြိုးရေးဌာနက လူမှုထူးချွန်ဆုရခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကတော့ နိုင်ငံတစ်ခုမှာဖြစ်စေ၊ ဒေသတစ်ခုမှာဖြစ်စေ ပဋိပက္ခတွေ ကြုံလာတိုင်း အမျိုးသမီးနဲ့ကလေးတွေက တိုက်ရိုက်ခံစားရတာဖြစ်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ လိုအပ်ကြောင်းကိုလည်း ပြောသွားပါတယ်။

“ဒေသတစ်ခုမှာဖြစ်စေ၊ နိုင်ငံတစ်ခုမှာဖြစ်စေပေါ့နော် - နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိတယ်၊ စစ်မက်ဖြစ်ပွားမှုတွေ ရှိမယ်ဆိုရင် အမျိုးသမီးတွေကိုယ်တိုင်က တိုက်ရိုက် ထိခိုက်နစ်နာမှုတွေ ရှိတာအပြင် သူတို့ရဲ့မိသားစုဝင်တွေကို အကာအကွယ်ပေးရတာလည်း အမျိုးသမီးတွေက အခြေခံကနေ ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖြစ်ဖို့ အမြဲပဲလိုချင်ကြတယ်။ တောင်းဆိုကြတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာဖို့ကလည်း အရေးကြီးတယ်။ ကျမတို့လူမှုအသိုင်းအဝိုင်းထဲမှာ မိသားစုထဲမှာ အကြမ်းဖက်မှုတွေ ရှိနေခဲ့မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ တိုက်ရိုက်ခံစားရတာရှိသလို သူတို့ကလေးတွေအတွက်လည်း အကာအကွယ်ပေးဖို့က မိခင်တွေရဲ့တာဝန်ဖြစ်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာဖြစ်စေ၊ ထိုင်းနိုင်ငံမှာဖြစ်စေ၊ ဒီ ပဋိပက္ခတွေ နည်းနိုင်သမျှ နည်းသွားပြီးတော့ ဖွံ့ဖြိုးရေးမှာ ထိုင်းအမျိုးသမီးများ၊ မြန်မာအမျိုးသမီးများအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ ကျမတို့ရဲ့အနာဂတ်မှာရှိတဲ့ ကျမတို့နိုင်ငံတွေ၊ ကျမတို့သားသမီးတွေအားလုံးအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တွေကို စုပေါင်းပြီးတော့ ဖော်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ အထိမ်းအမှတ်ပွဲမှာ အမျိုးသမီးတိုင်း တန်းတူအခွင့်အရေးရဖို့နဲ့ လိင်ပေါ်မှာ အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမပြုဖို့ စာတန်းတွေကိုင်ဆောင်ပြီး အမျိုးသမီးတွေပါဝင်တဲ့ အင်အား ၂၀၀ ခန့် ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်မြို့တွေမှာ မြန်မာနဲ့ထိုင်း လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပခဲ့သလို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးများရဲ့အသံ ပါဝင်တင်ပြနိုင်ရေး ဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်ရှင်။
မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်။
မဲဆောက်မြို့မှာ နိုင်ငံတကာ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတက်ကြစဉ်။


အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ အခွင့်အရေးရရှိတဲ့အခါ လူမှုဝန်းကျင်ဟာ ပိုပြီး တိုးတက်အောင်မြင်တယ်လို့ ဒီကနေ့ ကျရောက်တဲ့
နိုင်ငံတကာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ကိုယ့်ရဲ့ မိခင်၊ ညီမ အမနဲ့ သမီးတွေရဲ့ အခွင့်အရေးအတွက် အမျိုးသားတွေက မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးဖို့အတွက် He for She လို့ နာမည်ရတဲ့ လှုပ်ရားမှုကို ကုလသမဂ္ဂက သောကြာနေ့က စတင်ခဲ့ပါတယ်။

အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိတာဟာ အားလုံးအတွက် တိုးတက်မှုဖြစ်တယ်လို့ ဒီအခန်းအနားမှာ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက
ပြောကြားခဲ့ပါတယ်။ မိန်းကလေးတွေ၊ အမျိုးသမီးတွေအတွက် အခွင့်အရေးဟာ အိမ်မက်တခုမဟုတ်ဘဲ အားလုံးမှာရှိတဲ့ တာဝန်ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။

အမျိုးသမီးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်ပြီး အမျိုးသမီးတွေတိုးတက်မှ လူသားတွေတိုးတက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary
Clinton ကလည်း ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့အခမ်းအနားမှာ ပြောကြားသွားပါတယ်။ အောင်မြင်မှုတွေ ရှိနေပေမယ့် လူမှုအသိုင်းအဝိုင်းထဲမှာ
အမျိုးသမီးတွေ ရာနှုန်းပြည့်ပါဝင်နိုင်တဲ့ နိုင်ငံ တခုမှ မရှိသေးတဲ့အတွက် ၂၁ ရာစုမှာ မပြီးပြတ်သေးတဲ့အလုပ်တခုလို ဖြစ်နေတယ်လို့ Mrs. Clinton
ကပြောသွားခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း
အားလုံးအတွက် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ရမယ်လို့ ပြောကြားထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ စကားဝိုင်းတွေ၊ အသက်ဆုံးရှုံးမှုတွေရှိတဲ့ ပဋိပက္ခတွေအတွက် ညှိနှိုင်းတဲ့နေရာတွေမှာ စီးပွားရေးအပေါ် သက်ရောက်နိုင်တဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဘုတ်အဖွဲ့ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို နေရာပေးရမယ်လို့ သူကပြောပါတယ်။

ကိုယ့်ရဲ့ မိခင်တွေအတွက်၊ သမီးတွေအတွက်၊ ဇနီးသည်တွေအတွက် အမတွေ ညီမတွေအတွက် ရင်းနေတာဟာ အနာဂတ်ကမ္ဘာကြီးကောင်းမွန်ဖို့ ရင်းနေတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်ရှင်။
XS
SM
MD
LG