သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု မမေစံပယ်ဖြူ ရရှိ


မေစပယ်ဖြူ။ (ဓာတ်ပုံ- Google)
မေစပယ်ဖြူ။ (ဓာတ်ပုံ- Google)

ကမ္ဘာတဝှမ်းက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ International Women of Courage Award နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံက အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူ မမေစံပယ်ဖြူက ၂၀၁၅ အတွက် လက်ခံ ရရှိသွားပါတယ်။ ကမ္ဘာ့တလွှားက အမျိုးသမီးစွမ်းဆောင်ရှင် ၁၀ ဦးကို ရွေးချယ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ဒီဆုကို ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ပထမဆုံးရရှိဖူးတဲ့ မဇင်မာအောင်က ဒီဆုနဲ့ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“ဒီဆုက အထူးသဖြင့် နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ State Department ကနေပြီးတော့ တကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေထဲကနေ ဆယ်ဦးပေါ့နော်၊ အမျိုးသမီးလူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက်၊ တရားမျှတမှုအတွက် လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေထဲကနေပြီးတော့ ရွေးချယ်ပြီးတော့ ပေးတဲ့ဆုဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒါကို နိုင်ငံတကာမှာရှိတဲ့ အမေရိကန် သံရုံးတွေကနေပြီးတော့ အမည်စာရင်း တင်သွင်းပေးရတယ်။ တင်သွင်းပြီးတဲ့အထဲကမှ ဆယ်ဦးကိုပဲ ရွေးချယ်ပြီးတော့ ပေးတာပါ။ နှစ်စဉ်နှစ်တိုင်းလေ၊ ဒီဆုက ၂၀၀၇ ခုနှစ် ကွန်ဒိုလီဇာရိုက်စ် လက်ထက်ကနေစခဲ့တာဖြစ်ပြီးတော့ ၂၀၁၂ ခုနှစ်မှာ ကျမ ရခဲ့တာပေါ့နော်။ အခု ဒီတခေါက်ကတော့ ဗမာပြည်က တယောက်ပါတယ်ဆိုပြီး ကျမ သိရတဲ့အခါမှာ မမေစံပယ်ဖြူ ဖြစ်နေတယ်။”

ဒီဆုဟာ ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား-မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကိုယ်တိုင် ဧည့်ခံ ချီးမြှင့်မယ့် ဆုပေးပွဲအခမ်းအနားကိုတော့ ဝါရှင်တန် ၏ဒီစီမြို့မှာရှိတဲ့ နိုင်ငံခြားရေးဌာနမှာ မတ်လ ၅ ရက်နေ့၊ ကြာသပတေးနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတကာက ဆုရရှိကြတဲ့ အမျိုးသမီး ထူးချွန်သူ ၁၀ ဦးကို နိုင်ငံခြားရေးဌာနအရာရှိတွေက အမျိုးသမီးရေးရာနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG