ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အင်တာနက်ကို အသုံးပြုနေကြတယ်လို့ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းသမဂ္ဂ ITU က ပထမဦးဆုံးအကြိမ် ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။ ဒီနှစ်ကုန်ပိုင်းအထိ လေ့လာချက်တွေအရ ကမ္ဘာ့လူဦးရေ (၃.၉) ဘီလျံလောက်က အင်တာနက်အွန်လိုင်းမှာ ရှိနေတယ်လို့ဆိုပါတယ်။
အင်တာနက် သုံးစွဲသူ အများစုကိုတော့ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ တွေ့ရပြီး၊ အဲဒီနိုင်ငံတွေက လူဦးရေရဲ့ ၈၀% ကျော်က အွန်လိုင်းသုံးစွဲ နေတာပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလည်း အင်တာနက်သုံးစွဲမှု တဖြည်းဖြည်းတိုးလာနေပြီး ၂၀၀၅ ခုနှစ်တုန်းက (၇.၇%) ရှိခဲ့ရာက ဒီနှစ်ထဲမှာ (၄၅.၃%) အထိ တိုးလာပါတယ်။ အဲဒီထဲကမှ အာဖရိကတိုက်မှာတော့ အင်တာနက်သုံးသူ အရမ်းကိုတိုးလာကြောင်း၊၂၀၀၅ တုန်းက ၂% သာရှိခဲ့ရာက ဒီ ၂၀၁၈ မှာတော့ ၂၅% နီးပါးအထိ ခုန်တက်သွားကြောင်း ITUကပြောပါတယ်။
အင်တာနက်သုံးစွဲမှု အနည်းဆုံးကတော့ အာရှပစိဖိတ်ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။ အင်တာနက်ကို လက်ခံသုံးရာမှာ လူအများစုက မိုဘိုင်းဖုန်းတွေကတဆင့် သုံးကြတာကို လေ့လာတွေ့ရှိရတယ်လို့ ပြောပါတယ်။ နိုင်ငံအများစုမှာ မိမိတို့ စီးပွားရေးကို IT နည်းပညာနဲ့ဆက်နွှယ် တည်ဆောက်ပြီး လုပ်ကိုင်လာကြတာကြောင့် အားသာချက် ရှိလာပေမယ့် ပြည်သူအများစုကတော့ ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် အကုန်အကျများနေဆဲပဲလို့ ITUက သုံးသပ်ပါတယ်။