သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု သံသယရှိသူတဦးကို Interpol အလိုရှိစာရင်းမှာ ဖော်ပြ


ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီးတော့ မြန်မာတာဝန်ရှိသူတွေက အလိုရှိနေတဲ့ ဦးအောင်ဝင်းခိုင်ကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL က အလိုရှိသူများအဖြစ် ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ ဧပြီလ ၁၀ ရက်၊ တနင်္လာနေ့က ပဲ ထည့်သွင်းဖော်ပြလိုက်ပါပြီ။ ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး INTERPOL နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ မြန်မာ တာဝန်ရှိသူတွေဘက်က ပြောဆိုတာတွေ ထွက်လာပြီးတဲ့နောက် INTERPOL စာရင်းထဲမှာ ပါလာတာပါ။ ဒါ့အပြင် တနိုင်ငံလုံးမှာ ဖမ်းဝရမ်းထုတ်ပေးဖို့ကိစ္စ တရားရုံးကဆုံးဖြတ်ချက် ထွက်လာဖို့လဲရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမေခက ပြောပြပါမယ်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်တယ်လို့ တာဝန်ရှိသူတွေက သံသယရှိနေပြီး လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက် နေတဲ့ ဦးအောင်ဝင်းခိုင်ကို အင်တာပိုလ်က အလိုရှိသူများစာရင်းထဲမှာ တရားဝင် ထုတ်ပြန် ကြေညာလိုက်တာပါ။ ဒီကိစ္စ အပါ အဝင် တနိုင်ငံလုံးမှာ ဖမ်းဝရမ်းထုတ်ဖို့ လုပ်နေတဲ့အခြေအနေကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ဦးအောင်ဝင်းခိုင်က တရားခံပြေးဖြစ်တယ်။ ပြည်တွင်းမှာလည်း ဖမ်းဝရမ်းထုတ်ဖို့ လုပ်ပါမယ် ပထမပိုင်းမှာ မြို့နယ်တရားရုံးကတင်တဲ့အချိန်မှာ သူ့ရဲ့ခရိုင်အတွင်းမှာပဲ သက်ရောက်မှုရှိတဲ့အတွက် လုပ် တာဖြစ်ပါတယ် ။ အမှန်က တနိုင်ငံလုံးရဲ့ လိုချင်တဲ့ တရားခံပြေး၊ ဝရမ်းပြေးပေါ့နော် ထုတ်မှရမှာပါ။ ဟိုဟာကတော့ ထွက်ပြေးသွားရင်၊ ထွက်ပြေးသွားတဲ့ နိုင်ငံတွေမှာ ဖမ်းဆီးလို့ရအောင်ဆိုပြီးတော့ INTERPOL နဲ့ ချိတ်ဆက်ပြီးတော့ အလိုရှိတဲ့စာရင်းသွင်းခိုင်းတာဖြစ်ပါတယ်။”

အင်တာပိုလ်ဆိုတာက မြန်မာအာဏာပိုင်တွေက အလိုရှိနေသူတဦး မြန်မာနိုင်ငံပြင်ပမှာသာ ရှိနေမယ်ဆိုရင် ဖမ်းဆီးရမိနိုင်ရေး ကူညီလုပ်ဆောင်ပေးနိုင်တဲ့ အဖွဲ့အစည်းတခုပါ။ မြန်မာနိုင်ငံတွင်းမှာပဲ ဦးအောင်ဝင်းခိုင် ဆက်ရှိနေသေးရင်တော့ သူ့ကို လက်ရ ဖမ်းဆီးမိဖို့ရာ အင်တာပိုလ်နဲ့မဆိုင်ဘဲ မြန်မာအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဦးအောင်ဝင်းခိုင်ကို အင်တာပိုလ်က အလိုရှိ သူအဖြစ် အခုလို ကြေညာလိုက်တာကြောင့် မြန်မာနိုင်ငံတွင်းမှာ သူမရှိတော့ဘူးလားဆိုတဲ့မေးခွန်း ထွက်လာပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ ဦးဇော်ဌေးက အတည်ပြုပြောကြားနိုင်ခြင်းမရှိပါဘူး။

“ပြည်တွင်းသော်လည်းကောင်း၊ ပြည်ပသော်လည်းကောင်းဖြစ်နိုင်ပါတယ်။ ပြည်တွင်းကတော့ ကျနော်တို့ ဒီဘက်မှာ ကို့ဆီမှာရှိတဲ့ လုံခြုံရေးအဖွဲ့နဲ့ ရှာလို့ ရတယ်ပေါ့နော် ပြည်ပကတော့ ကျနော်တို့လိုက်ပြီးတော့ ရှာဖို့ လက်လှမ်းမမှီနိုင်ဘူးပေါ့နော်။ အဲဒါကြောင့် ပြည်ပကိုပါ အကြောင်းကြားတာဖြစ်ပါတယ်။ ၂ နိုင်ငံချင်းအကြောင်းကြားတာရှိပါတယ်။ သို့သော် INTERPOLနဲ့ ပြောလိုက်တာက ပိုပြီးတော့ တကမ္ဘာလုံးပေါ့နော် သက်ရောက်မှုရှိတဲ့အတွက် ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ပူးပေါင်းလုပ်တာဖြစ်ပါတယ်။”

ဒီအခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်းသိရဖို့ ပြည်တဲရေးဝန်ကြီးဌာန၊ နိုင်ငံတကာမူခင်းဌာန၊ ပြည်ထဲရေးမှုခင်းဌာနနဲ့ အထုူး စုံစမ်းစစ်ဆေးရေး စသုံးလုံးအဖွဲ့တို့ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဘယ်သူကမှ တာဝန်ယူဖြေဆိုပေးတာ မရှိပါဘူး။

ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရေး သူနေထိုင်ရာ သာကေတမြို့နယ်အပြင် တနိုင်ငံလုံးမှာ ဖမ်းဝရမ်းထုတ်ပေးဖို့ ဦးကိုနီ လုပ်ကြံ ခံရမှုမှာ တရားလိုရှေ့နေဖြစ်တဲ့ ဦးနေလက ခရိုင်အထူးတရားရုံးမှာ လျှောက်ထားတာကို တရားရုံးက ပယ်ချထားတာပါ။ ဒါကြောင့် တိုင်းတရားရုံးမှာ ဆက်တင်ထားပြီး ဒီလကုန်ပိုင်းမှာ ဆုံးဖြတ်ချက်ထွက်ဖို့ရှိတယ်လို့ ရှေ့နေကြီး ဦးနေလက ပြောပါ တယ်။

“တရားခံပြေးမှုနဲ့ ပတ်သက်လို့ တရားခံပြေးလို့ သတ်မှတ်တဲ့သဘောပေါ့ဗျာ အဲဒီအချက်တွေပေါ်မှာ အခြေခံပြီး နံပတ်၁ အချက်ကတော့ ဖမ်းဝရမ်းအသစ်တစောင် ထုတ်ပေးသင့်တယ်ဆိုတဲ့အချက် ၊ စုံစမ်းစစ်ဆေးမှုက လိုအပ်ချက်တွေရှိနေတယ်ဆိုတဲ့အချက် အဲဒီ၂ ထက်ကို ကျနေ်ာတို့က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ရာဇဝတ်ဆိုင်ရာပြင်ဆင်မှု အနေနဲ့ တင်ခဲ့တယ်။ လက်ခံလိုက်တယ်၊ လာမယ့် ဧပြီလ ၂၈ ရက်နေ့မှာ ကြားနာမယ်လို့ ချိန်းဆိုထားတယ်လို့ သိရတယ်။ တရားခံပြေးကိစ္စကို ဖမ်းဝရမ်းအသစ်တစောင်ထုတ်မလားမထုတ်ဘူးလားဆိုတာကတော့ အဲဒီ၂ ခုစလုံးက တဆက်တည်းကိုတိုင်းတရားရုံးက ဆုံးဖြတ်ပြီးတဲ့အချိန်မှာ အောက်ရုံးကို ပြန်သွားမယ် ၊ သွားပြီးရင် ဒီအမှုက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကနေ အမိန့်ချရင် ချပြီးတဲ့အချိန်မှ အောက်ရုံးမှာ ဒီအမှုကို စစ်ဆေးဖို့လုပ်မှာဖြစ်ပါတယ်။”

လက်ရှိဖမ်းဆီးထားတဲ့ ဦးကြည်လင်း (ခ) ဖိုးထူး၊ ဦးအောင်ဝင်းဇော်၊ ဦးဇေယျာဖြိုးနဲ့ ဦးအောင်ဇော်ထွန်းတို့ကိုတော့ ရုံးထုတ် စစ်ဆေးတာတွေ လုပ်နေပါပြီ။ ရှေ့နေကြီးဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတာ ၂ လခွဲကျော်ကြာတဲ့အထိ သံသယရှိသူတဦးဖြစ်တဲ့ ဦးအောင်ဝင်းခိုင်ကို ဖမ်းမမိသေးသလို အရေးကြီးတဲ့ နောက်ထပ် သဲလွန်စ တခုခုကိုလဲ အခုချိန်ထိ မရ သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG