သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA နဲ့ တွဲလုပ်နေတဲ့ အစီအစဉ်များ Interpol ရပ်ဆိုင်း


အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ထုတ်ပြန်ချက်။
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ထုတ်ပြန်ချက်။

အဂတိ လိုက်စားမှု အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ ၁၀ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မယ့် အားကစား အစီအစဉ်တခုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) က ဆိုင်းငံ့လိုက်ပါတယ်။ FIFA အဖွဲ့ချုပ်က ဒေါ်လာ ၂၂ သန်း ထောက်ပံ့ပေးထားတဲ့ ၁၀ နှစ်ကြာ အားကစား စီမံကိန်းကို ဆိုင်းငံ့ထားမယ့်အကြောင်း Interpol က ဒီကနေ့ပဲ ကြေညာခဲ့တာပါ။

စီမံကိန်းဟာ အားကစားပွဲတွေမှာ မသမာမှုတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ တရားမဝင် လောင်းကစားမှုတွေကို ဟန့်တားဖို့ ရည်ရွယ်ထားတဲ့အကြောင်းလည်း Interpol ကပြောပါတယ်။ စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်သွားဖို့ ရည်မှန်းထားပေမဲ့ လတ်တလော FIFA အဖွဲ့ချုပ်မှာ ကြုံနေရတဲ့ အခြေအနေတွေကြောင့် ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း Interpol အတွင်းရေးမှူးချုပ် Jurgen Stock ကကြေညာချက်ထဲမှာ ပြောဆိုခဲ့တာပါ။

Interpol ရဲ့ အခြေခံစံတန်ဘိုးတွေနဲ့ ရပ်တည်ချက်တွေကို လက်တွဲ လုပ်ကိုင်နေကြ တဲ့ ပုဂ္ဂလိကနဲ့ အစိုးရပိုင်းက လက်တွဲဖက်တွေ သာမက တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေကပါ လက်ခံကျင့်သုံးကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ FIFA ကတော့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ လက်ခံ ကျင်းပမယ့် အိမ်ရှင် အဖြစ် ရွေးချယ်မယ့် အစီအစဉ်တွေကို ဆိုင်းငံ့ထားမယ့်အကြောင်း ဗုဒ္ဓဟူးနေ့ကပဲ ကြေညာခဲ့တာပါ။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၇ ခုနှစ်ကျရင် မလေးရှားနိုင်ငံမှာ FIFA အဖွဲ့ဝင်တွေက ရွေးချယ်ဆုံးဖြတ်ဖို့ စီစဉ်ထားပေမဲ့ အခုအခါ ဆုံးဖြတ်ချက်ချမယ့်အချိန်ကို တိတိကျကျ မသိရတော့ပါဘူး။ FIFA တာဝန်ရှိသူ ၉ ယောက်နဲ့ အမှုဆောင်အရာရှိ ၅ ယောက် ကိုတော့ ငွေကြေးမသမာမှု၊ တရားမဝင် လွဲှပြောင်းမှု၊ ငွေမည်းခဝါချမှုတွေ အပါအဝင် စွဲချက်အများအပြားနဲ့ အမေရိကန်က ပြီးခဲ့တဲ့လထဲမှာပဲ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံကလည်း ၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်နိုင်ငံတွေ အဖြစ် ရုရှားနဲ့ ကာတာနိုင်ငံတွေကို ရွေးချယ်ရာမှာ မမှန်မကန်ဆောင်ရွက်ခဲ့မှု၊ ငွေမည်းခဝါချမှု စွပ်စွဲချက်တွေအပေါ် သီးခြားစုံစမ်းစစ်ဆေး နေပါတယ်။

XS
SM
MD
LG