သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတရားမှု ကမ္ဘာသိအောင် အစီရင်ခံစာ ထုတ်ပြန်ဖို့ ဒေါ်စု ဆောင်ရွက်မည်


ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မတရားမှုတွေကို မြန်မာပြည်သူတွေတင် သာမက ကမ္ဘာသိအောင် တင်ပြနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနနဲ့ သီးသန့်ပြုလုပ်တဲ့ မေးမြန်းခန်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် NLD အနေနဲ့ လူထုနဲ့ လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘန်ကောက်ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က မကြာခင်ကလေးကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ပထမဆုံး မေးချင်တာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အန်တီလည်း တော်တော်လေး ကြားပြီးမှာပေါ့၊ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျမတို့ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မတီဖွဲ့ပြီးတော့ ရွေးကောက်ပွဲမှာ မတရားတဲ့ ကိစ္စတွေကို စုံစမ်းနေပါတယ်။ ကျမတို့ ပြောပြီးပြီပဲလေ၊ ဥပဒေ စိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ရွေးကောက်ပွဲမှာ ကိုယ်တိုင် မပါခဲ့ပေမဲ့လည်း အဲဒီမှာ မတရားတဲ့ ကိစ္စတွေတော့ ကျမတို့ စုံစမ်းရမယ်။ ဒီဟာတွေကို အစီရင်ခံစာတခု ပြုပြီးတော့ ပြည်သူအများ သိအောင် တင်ပြရမယ်၊ ကမ္ဘာသိအောင် တင်ပြရမယ်လို့ ယုံကြည်ပါတယ်။”

နောက်တခုက NLD ရဲ့ အနာဂတ်ပေါ့၊ NLD ရှေ့လျှောက် ဘယ်လို ခရီးသွားမလဲ ဆိုတာပါ။

“NLD က ရှေ့လျှောက် ပြည်သူနဲ့ လက်တွဲပြီး ခရီးသွားမှာပဲ။ ဒီနေ့ပြောခဲ့သလိုပဲ၊ NLD တဖွဲ့တည်းနဲ့ ဒီမိုကရေစီရအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ မဟုတ်ပါဘူး။ အစကတည်းကလည်း NLD ဖွဲ့တယ်ဆိုတာ ပြည်သူအတွက် ဒီမိုကရေစီ ရယူဖို့ပဲ။ အဲတော့ တခြား အစုအဖွဲ့တွေနဲ့ အားလုံးလက်တွဲပြီးတော့ ပြည်သူလူထုကို အဓိက အခြေခံပြီးတော့ ဒီမိုကရေစီရအောင် လုပ်သွားမှာပါ။”

အန်တီ ဒီနေ့ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး လုပ်ဆောင်သွားမယ်ဆိုတာ၊ လက်ရှိ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲခင်ဗျ။

“ကျမတို့ကတော့ နိုင်ငံရေး ပါတီတွေကို ဟိုပါတီ၊ ဒီပါတီလို့ ခွဲခြားပြီးတော့ မမြင်ပါဘူး။ တကယ်ပဲ ဒီမိုကရေစီကို လိုလားတယ်ဆိုရင် အဲဒီ လိုလားချက် အပေါ်မှာ အခြေခံပြီးတော့ လက်တွဲပြီးတော့ လုပ်သွားမှာပါ။”

စစ်အစိုးရက လမ်းပြမြေပုံ ၇ ဆင့်ဆိုပြီး ချပြီးလုပ်နေတာ အခုဆိုရင် အဆင့် ၆ ဖြစ်တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အဆင့် ရောက်လာပြီပေါ့။ သူတို့ လုပ်ဆောင်နေတာတွေကို ဆန့်ကျင်ခြင်းအားဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးက ဖော်ဆောင်နိုင်ပါ့မလား၊ ဘယ်လိုနည်းနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ပြန်လည် ဖော်ဆောင်နိုင်ပါမလဲခင်ဗျ။

“အမျိုးသား ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ လိုတယ် ဆိုတာကိုက အစကတည်းက အချင်းချင်းကြားထဲမှာ သဘောမတူတဲ့ ကိစ္စတွေ ရှိလို့ပေါ့။ အားလုံး အစကတည်းက တသဘောတည်းဆိုရင် ရင်ကြားစေ့ရေးအတွက် လုပ်စရာ မလိုဘူးလေ။ အဲတော့ တဘက်က အမြင်နဲ့ တဘက်က အမြင်နဲ့ မတူလို့ကို ဒီရင်ကြားစေ့ရေးက ဖြစ်အောင် လုပ်ရမှာပေါ့။”

အန်တီ့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာပြည်အရေးကို ဘယ်လိုမျိုး ပိုပြီး ထိရောက်အောင် ကူညီပေးစေချင်ပါသလဲ။ အထူးသဖြင့်တော့ ကုလသမဂ္ဂနဲ့ အမေရိကန် စတဲ့ အနောက်နိုင်ငံတွေက။

“အဲဒါတွေကို ဆွေးနွေးချင်တယ်၊ ပတ်သက်တဲ့ ကာယကံရှင်တွေနဲ့ ဆွေးနွေးချင်တယ်။ တကယ်ဆိုရင် အခု ထွက်လာတာမှာ အန်တီ အလုပ်ချင်ဆုံး ကိစ္စက လူများတွေရဲ့ အသံတွေကို နားထောင်ချင်တယ်။ ခက်တာက အန်တီ့ချည်းပဲ အင်တာဗျူးလုပ်ပြီး မေးနေကြတာပဲ။ တယောက်တည်း ပြောနေရတာ။ အန်တီဖြစ်ချင်တာ အဲဒီလို မဟုတ်ဘူး။ အပြင်က အသံတွေကို ကြားချင်တယ်၊ ပြည်သူရဲ့ အသံကို ကြားချင်တယ်၊ ကမ္ဘာရဲ့ အသံတွေကို ကြားချင်တယ်။ တကမ္ဘာလုံးက ပြည်သူတွေနဲ့ လူငယ်တွေ၊ အထူးသဖြင့် လူငယ်တွေနဲ့ တိုင်းပြည်ထဲက လူငယ်တွေနဲ့ အဲဒီလို အစကတည်းက လုပ်ချင်တဲ့စိတ်က မနေ့ကနဲ့ ဒီနေ့ ပိုပြီးတော့ ခိုင်မာလာတယ်။

“ဘာဖြစ်လို့လဲဆိုတော့ အန်တီ့ကို လာပြီး ကြိုဆို အားပေးတဲ့ လူအုပ်တွေထဲမှာ အများစုက လူငယ်တွေ၊ တော်တော့်ကို အားတက်စရာ၊ ပျော်စရာကောင်းတယ်။ မျိုးဆက်သစ် လူငယ်တွေပေါ့၊ သွေးသစ်တွေနဲ့ အန်တီတို့ကို ပိုပြီးတော့ အင်အားသစ်တွေ ဖြစ်အောင် လုပ်ပေးနေသလိုပါပဲ။”

အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေ၊ ကုလသမဂ္ဂ၊ အမေရိကန်တို့က ပြောလာတာက ရွေးကောက်ပွဲ နောက်ပိုင်းမှာ၊ အထူးသဖြင့် အမေရိကန်က ပြောလာတာက သူတို့က တက်လာတဲ့ အစိုးရနဲ့ပဲ လက်တွဲလုပ်ဆောင်ဖို့ ကြိုးစားမယ်လိုလို ပြောနေတယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်တီ့အနေနဲ့ အင်္ဂလိပ်လို နည်းနည်း ဖြေပေးလို့ရမလား။

“တက်လာတဲ့ အစိုးရနဲ့ ဆက်ဆံရမှာပဲ ဆိုတာ အစကတည်းကလည်း ဆက်ဆံခဲ့တာပဲ။ ဒါပေမဲ့ နိုင်ငံတိုင်း ဒီလိုပါပဲ။ အဲဒါ သိပ်ပြီးတော့ ထူးထူးခြားခြားလို့ မမြင်ပါဘူး။”

လက်ရှိ အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက် အပေါ်မှာ ဒီမိုကရေစီ အင်အားစုတွေက အားမလို အားမရ ဖြစ်နေတဲ့ ကိစ္စတွေပေါ့။

“ဒါကတော့ ရသလောက် ထောက်ခံမှုရအောင်၊ ကူညီမှု ရအောင်တော့ လုပ်သွားရမှာပဲ။ ထိုင်ပြီးတော့ ဒီလောက်နဲ့ တော်ပါပြီဆိုပြီး ကျေနပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒီလောက် ထောက်ခံမှုရရင် နောက်ထပ် ပိုပြီးရအောင် လုပ်မယ်၊ နောက်ထပ် ပိုပြီးရအောင် လုပ်မယ်။ အဲဒါက လောဘအနေနဲ့ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရရှိရေး အတွက်ပါ။ ရတဲ့အထိ ရနိုင်သမျှ ကူညီမှု၊ ထောက်ခံမှု၊ ယုံကြည်မှုတွေအတွက် ကြိုးစားပြီး လုပ်သွားရမှာပဲ။”

အန်တီ့ လုံခြုံရေးအတွက်ရော စိုးရိမ်မိပါသလား။ အထူးသဖြင့် ဒီပဲယင်းကိစ္စလိုမျိုးတွေ ပြန်မဖြစ်ဘူးဆိုတာ ဘယ်သူမှ အာမ မခံနိုင်တော့။ ဆိုတော့ အန်တီ သွားတဲ့ လာတဲ့ နေရာတွေမှာ အန်တီ့ လုံခြုံရေး၊ ပြန်အဖမ်းခံရဖို့ ကိစ္စတွေ ဘာတွေရော အန်တီ စိုးရိမ်မိပါသလား။

“အမှန်ပြောရင် အဲဒါတွေ ခေါင်းထဲမှာ သိပ်မရှိဘူး။ လုံခြုံရေးကိစ္စကို မနေ့က ထွက်ထွက်လာချင်းပဲ အန်တီတို့ လူကြီးတွေ၊ တခြား စိုးရိမ်တဲ့ မိတ်ဆွေတွေက မေးပါတယ်။ ဒါပေမဲ့ အန်တီ့အမြင်ကတော့ ဒီနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးရဲ့ လုံခြုံရေးဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ အန်တီ့စိတ်ထဲမှာ ထားတယ်။ လုံခြုံရေးအတွက် စိုးရိမ်တယ် ဆိုတာလည်း လုံး၀ မရှိဘူး။

“နောက်ပြီးတော့လည်း ပြန်ဖမ်းမလား၊ မဖမ်းဘူးလား၊ အဲဒါလည်း မေးကြပါတယ်။ အဲတော့ ပြန်မဖမ်းဘူးလည်း မပြောနိုင်ဘူးလေ။ ခဏခဏ အဖမ်းခံနေရတော့ ပြန်မဖမ်းပါဘူးလို့လည်း ဘယ်လိုမှ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ အဲဒါလည်း စိတ်ထဲ မရှိပါဘူး။ ကိုယ်လွတ်နေတုန်း လုပ်နိုင်သမျှ လုပ်မှာပဲ။ ပြန်ဖမ်းရင်လည်း အဖမ်းခံနေရတဲ့ အချိန်မှာ လုပ်နိုင်သမျှ လုပ်မှာပဲ။”

ဟုတ်ကဲ့၊ အန်တီ ကျေးဇူးအများကြီးတင်ပါတယ်။

“ရပါတယ်၊ ကြားရတာလည်း ဝမ်းသာပါတယ်။”

XS
SM
MD
LG