သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထု နိုင်ငံရေး နိုးကြားမှု တိုးလာ၊ ဒေါ်စု ရှုမြင်


မြန်မာလူထု နိုင်ငံရေး နိုးကြားမှု တိုးလာ၊ ဒေါ်စု ရှုမြင်
မြန်မာလူထု နိုင်ငံရေး နိုးကြားမှု တိုးလာ၊ ဒေါ်စု ရှုမြင်

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လတ်တလော အပြောင်းအလဲတွေ ပေါ်မလာနိုင်ဘူး ဆိုရင်တောင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်း လူထုရဲ့ နိုင်ငံရေး နိုးကြားမှုဟာ မြင့်မားလာခဲ့ပြီး ဒီနိုးကြားမှုဟာ အပြောင်းအလဲတွေ ပေါ်လာဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေနဲ့ နိုင်ငံရေး အလားအလာကို ဗွီအိုအေ သတင်းထောက်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မေးမြန်းထားတာတွေကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Cross Road Asia လို့ခေါ်တဲ့ ဗွီအိုအေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေရော၊ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးသပ်ချက်တွေ တော်တော်များများကို မေးမြန်းခဲ့ပါတယ်။

မေးမြန်းခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ခဲ့တဲ့ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံခဲ့ရတာကို သူ့အနေနဲ့ မအံ့သြဘူး၊ ဒါပေမဲ့ စိုးရိမ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အပြီးမှာ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးအရ မြန်မာနိုင်ငံက လောလောဆယ်မှာ အပြောင်းအလဲတွေ ပေါ်မလာသေးဘူး ဆိုပေမဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေတော့ ရှိခဲ့တယ် ဆိုတဲ့အကြောင်း သူက အခုလို ပြောပါတယ်။

“ချက်ချင်းဆိုသလိုတော့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ အပြောင်းအလဲ တခုက လူတွေတော်တော်များများရဲ့ စိတ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်လာစေခဲ့တာပါ။ ဒါက သိပ်ကို အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် အရေးကြီးတဲ့ ပြောင်းလဲမှုလို့ ကျမထင်ပါတယ်။

“အရင်က လူတော်တော်များများက နိုင်ငံရေးနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှု သိပ်မရှိခဲ့ပါဘူးလို့ ကျမထင်ပါတယ်။ ဒါပေမဲ့ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံခဲ့ရတာကို ကြည့်ပြီး တော်တော်လေး အံ့အားသင့် တုန်လှုပ်ခဲ့ကြတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လျစ်လျူရှုထားလို့ မရတော့ဘူးဆိုတာ မြင်လာကြပါတယ်။”

နောက်ထပ် မေးခွန်းတခုကတော့ ဒီနေ့ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပတ်သက်လို့ပါ။ လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်သွားတဲ့ အချိန်မှာ နိုင်ငံရေးမျိုးဆက် ခါးဆက်ပြတ်သွားတဲ့ အနေအထားမျိုးတွေ ကြုံရနိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း ဗွီအိုအေ သတင်းထောက်က မေးခဲ့ပါတယ်။ လူငယ်တွေ တော်တော်များများ၊ ပညာတတ် တော်တော်များများက တိုင်းပြည်ပြင်ပကို ရောက်နေတဲ့ အချိန်မှာ လက်ရှိ မြန်မာနိုင်ငံထဲက လူငယ်တွေက ဆက်ပြီးတော့ နိုင်ငံရေးအရ နိုးကြားမှု ရှိပါ့မလား၊ တာဝန်ယူနိုင်တဲ့ အနေအထား ရှိပါ့မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်ခွာသွားတဲ့အတွက် ကျန်နေတဲ့ လူငယ်တွေက တာဝန်တွေ မယူနိုင်ဘူး၊ ယူနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အခုဆိုရင် ပြည်တွင်းမှာ လေ့လာချင်တဲ့၊ သတိထား စောင့်ကြည့်နေသူတွေ ရှိပါတယ်။

“ပြည်တွင်းက လူငယ်တွေဟာ အပြင်မှာ ရောက်နေတဲ့ သူတွေလောက် အခွင့်အလမ်းတွေ မရတဲ့အတွက် ပြည်ပက လူငယ်တွေလောက် မသိတာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ လေ့လာသင်ယူချင်တဲ့ စိတ်တွေ ပြင်းပြနေကြပါတယ်။

“ပညာအတတ်ဆုံးသူတွေ စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကနေ ထွက်သွားကြပေမဲ့ ကျန်နေတဲ့ အဲဒီ လူငယ်တွေနဲ့ လက်တွဲပြီး ကျမတို့ ဆက်အလုပ်လုပ်ရပါလိမ့်မယ်။ တော်တော်များများက နိုင်ငံခြားမှာ အခွင့်အလမ်းတွေ ပိုရတယ်ဆိုပြီး ထွက်သွားကြတာပါ။ ဒါပေမဲ့လည်း ဒီလို အခွင့်အလမ်းတွေ အပြင်မှာ ပိုရမယ်ဆိုတာ သိရက်နဲ့ ပြည်တွင်းမှာပဲ နေပြီး တခုခု ကောင်းအောင် လုပ်နေတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သတင်းထောက် တွေ့ဆုံ မေးမြန်းခဲ့တဲ့ တွေ့ဆုံမေးမြန်းချက် တစိတ်တဒေသ ဖြစ်ပါတယ်။

XS
SM
MD
LG