သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းနဲ့ ဂျာမနီ ဥပမာ


ဂျာမန်သံအမတ် Christian-Ludwig Weber-Lortsch
ဂျာမန်သံအမတ် Christian-Ludwig Weber-Lortsch

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ဂျမနီနိုင်ငံက အပြုသဘောအဖြစ်နဲ့ ရှုမြင်သလို အသွင်ကူးပြောင်းရေး ကာလဟာ ထင်ထားတာထက် ပိုပြီး ကြာမြင့်တတ်ပေမယ့် ဖြစ်မြောက်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ် က မြန်မာနိုင်ငံရဲ့ အခြေအနေကို ဂျမနီနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလတုန်းကနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုသွားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ် Christian-Ludwig Weber-Lortsch နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလွန်ကာလအပေါ်မှာ ဂျာမနီနိုင်ငံရဲ့ အမြင်၊ သုံးသပ်ချက်နဲ့ မျှော်မှန်းချက်တွေကို သိပါရစေရှင်။

Christian-Ludwig Weber-Lortsch ။ ။ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ကျွန်တော်တို့ ဂျာမနီနိုင်ငံမှာ ပြန်လည်ပေါင်းစည်းရေးတွေ လုပ်ခဲ့ကြတာကြောင့် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ထင်ထားတာထက်လည်း ပိုပြီး ကြာတတ်ပေမယ့်လည်း ဖြစ်မြောက်အောင်တော့ လုပ်ကြရမှာပါ။ ကျွန်တော်တို့က အပြုသဘော ရှုမြင်ပါတယ်။ ရွေးကောက်ပွဲဖြစ်မြောက်အောင် ကျင်းပခဲ့တဲ့ သမ္မတအပါအဝင် အစိုးရအဖွဲ့ကိုလည်း ချီးကျူးရမှာပါ။ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီလို ပြုပြင်ပြောင်းလဲရေးကာလမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရွေးကောက်ပွဲကျင်းပနိုင်တာဟာ အောင်မြင်မှုတစ်ခုလို့ ပြောရမှာပါ။ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် ဒီအောင်မြင်မှုဟာ သိပ်ပြီး အသိအမှတ်ပြုမခံသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ရွေးကောက်ပွဲဖြစ်မြောက်အောင် ကျင်းပပေးတဲ့အတွက် မြန်မာအစိုးရကို ဆက်လက်ပြီးတော့ ကူညီထောက်ပံ့ပေးသွားမှာပါ။

ဒေါ်ခင်စိုးဝင်း။ ။ အခုအသစ်တက်လာမယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ အများသိပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကို ဂျာမနီနိုင်ငံ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးတုန်းကလည်း ဒီလိုစိန်ခေါ်မှုတွေအများကြီးနဲ့ ရင်ဆိုင်ရမှာပါ။ ဒီဂျာမနီနိုင်ငံရဲ့ အတွေ့အကြုံနဲ့ ဆက်စပ်ပြီးတော့ အခုအသစ်တက်လာမယ့် အစိုးရသစ်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို ဆက်ပြီးတော့ လုပ်သွားရင်ကောင်းမလဲလို့ အကြံပြုလိုပါသလဲ။

Christian-Ludwig Weber-Lortsch ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက တဖြည်းဖြည်းနဲ့ တိုးတက်လာမှာပါ။ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် ပညာရှင်အဆင့်မှာပါ အရည်အချင်းပြည့်မီသူတွေကို လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဂျာမနီနိုင်ငံအနေနဲ့ ကူညီနိုင်သမျှ ကူညီချင်ပါတယ်။ ဥပမာပြောရရင် လွှတ်တော် ၂ ရပ်လုံးမှာ အသစ်ဝင်ရောက်လာမယ့် ကိုယ်စားလှယ်တော်တော်များများဟာ ပထမဦးဆုံးအကြိမ် လွှတ်တော်မှာ တာဝန်ထမ်းဆောင်ကြရမှာပါ။ နိုင်ငံရေးအတွေ့အကြုံလည်း နည်းကြပါတယ်။ ဒါကြောင့် အမတ်တွေအပါအဝင် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်ကြမယ့်လူတွေအတွက် အရည်အချင်းမြှင့်တင်တဲ့ သင်တန်းတွေ ပို့ချပေးဖို့ ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ သုတေသနပြုလုပ်တာတွေ၊ အုပ်ချုပ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ အကူအညီတွေ ပေးလိုပါတယ်။ နောက်ပြီး ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနေပါတယ်။ နမူနာအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနဲ့ မလေးရှားနိုင်ငံတို့ရဲ့ ဖက်ဒရယ်စနစ်တွေရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒါတွေကို ကူးယူပြီး ကျင့်သုံးလို့တော့မရပါဘူး။ ကိုယ့်နိုင်ငံနဲ့ သင့်တော်မယ့် အပိုင်းတွေကို ရွေးချယ်ပြီး ကျင့်သုံးရမှာပါ။ ဂျာမနီနိုင်ငံအနေနဲ့ အတတ်နိုင်ဆုံး ကူညီသွားမှာပါ။ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး ဖြစ်မယ့် ဖက်ဒရယ်စနစ်ကို ကိုယ်တိုင် ရွေးချယ်သွားရပါလိမ့်မယ်။

ဒေါ်ခင်စိုးဝင်း။ ။ ကျေးဇူးတင်ပါတယ်ရှင်။

Christian-Ludwig Weber-Lortsch ။ ။ ကျေးဇူးပါ ခင်ဗျာ။

XS
SM
MD
LG