သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးစွပ်စွဲချက်များအပေါ် ကြံ့ခိုင်ရေးပါတီတွင်း စုံစမ်းနေ


ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးသန်းဌေးကို မမေခက တွေ့ဆုံမေးမြန်း
ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးသန်းဌေးကို မမေခက တွေ့ဆုံမေးမြန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြီးခဲ့တဲ့အစိုးရ တာဝန်ယူထားချိန်တုန်းက ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကြံခိုင်ရေးပါတီဥက္ကဌကပြောဆိုလိုက်ပါတယ်။ တိုင်းနဲ့ပြည်နယ်အချို့မှာ ဒေသအစိုးရရံပုံငွေတွေကို အစိုးရသစ်ထံ မလွဲှခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေရသလို၊ မကွေးတိုင်းမှာဆိုရင်တော့ စစ်ဆေးတွေ့ရှိမှုတွေကြောင့် ကြံ့ခိုင်ရေးဝန်ကြီးချုပ်ဟောင်းက ငွေတွေနဲ့ ပစ္စည်းအချို့ကို ဒေသအစိုးရသစ်ထံ ပြန်လည်အပ်နှံခဲ့ရပါတယ် ။ အခုအချိန်ကျမှ ဒီလို ထုတ်ဖော်စွပ်စွဲလာတာတွေဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိလားဆိုတာ သံသယထားမိတယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ က ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးသန်းဌေးနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ပထမပိုင်းက တင်ဆက်လိုက်ပါတယ်။

မမေခ ။ ။အခုလက်ရှိအခြေအနေမှာက အရင်တုန်းကအစိုးရအဖွဲ့ဝင်ဟောင်းတွေ ပါတီဝင်တွေနဲ့ ပတ်သက်ပြီးတော့ ငွေကြေးအရှုပ်အရှင်းတွေရှိနေတယ် ဆိုတဲ့ ပြဿနာ တက်နေတာတွေရှိပါတယ်။ အဲဒီတော့ ဒီဟာတွေကို ပါတီဘက်ကနေပြီးတော့ ဘယ်လိုအရေးယူဆောင်ရွက်နေသလဲ ဘယ်လို စုံစမ်း စစ်ဆေးနေသလဲဆိုတာနဲ့ ပတ်သက်ပြီး ဥက္ကဌအနေနဲ့ ဘာများပြောချင်ပါသလဲရှင့်။

ဦးသန်းဌေး။ ။ကျနော်တို့ပါတီ အနေနဲ့တော့ ပါတီအတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့လည်း ကျနော်တို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ နောက်တခုကတော့ အရေးယူဖို့ မယူဖု့ိဆိုတာကတော့ ပြင်ပကပြောနေတဲ့ကိစ္စတွေက တချို့ဟာတွေက ဒီလိုစွပ်စွဲမှုတွေ ပြောဆိုမှုတွေဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ တော်တော်လေး လှုပ်လှုပ်ရှားရှားပိုဖြစ်လာတယ်။ တကယ်လို့ ဒီအကြောင်းအရာများနဲ့ ပတ်သက်လို့ ကြည့်မယ်ဆိုရင် ပြေလည်မှုမရှိဘူး ရိုးသားမှုမရှိဘူး ၊ တစုံတရာအမှားအယွင်းနဲ့ ပတ်သက်ပြီး ထိန်ချန်ထားတာတွေ miss used လုပ်ထားတာတွေရှိတယ်လို့၊ ယူဆခဲ့ရင် လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက အလွှဲအပြောင်းမှာ ဒါတွေက ဖော်ထုတ်ရှင်းလင်းသင့်တဲ့ ကိစ္စတွေပေါ့။ အဲဒီတော့ ၁ နှစ်လောက်ငြိမ်သက်နေပြီးတော့မှ အခုမှ ထပြီးတော့ တတိုင်းပြီးတတိုင်း ၊ တနေရာပြီး တနေရာ လက်ညှိးထိုးပြီးတော့ ဖော်ထုတ်လာတာသည် အကြောင်းအရင်းခံတော့ ရှိမယ်လို့ ယူဆတယ်။ တိုင်းပြည်ရဲ့ အရေးအရာကိစ္စအရပ်ရပ်ကို ကိုင်တွယ်စီမံနေတဲ့ လုပ်ငန်းစဉ်များ၊ ဒီဟာတွေရဲ့ အောင်မြင်မှု ကျရှုံးမှု ၊ အဲဒါတွေကို ကိုင်တွယ်နေတဲ့ သူတွေရဲ့ စီမံခန့်ခွဲမှု အရည်အသွေး ပိုင်းမှာ ယှဉ်ရမယ့်အစား၊ နောက်တခါ တိုင်းပြည်နဲ့ လူမျိုးပေါ်မှာ ထားရမယ့် သစ္စာတရား အချုပ်အခြာအာဏာပေါ်မှာ တန်ဖိုးထားရမယ့် တန်ဖိုးထားမှု၊ ဒီနေရာတွေမှာ တဖွဲ့နဲ့ တဖွဲ့ ယှဉ်ပြိုင်ရမယ့်အစား ၊ တဖက်ကို ငယ်ကျိုးငယ်နာတွေဖော်ပြီးတော့ အလဲထိုးမယ်ဆိုတဲ့ လုပ်နည်းလုပ်ဟန်တွေများဖြစ်နေသလား။

မမေခ ။ ။အဲဒီတော့ ပါတီအနေနဲ့က လက်ရှိပါတီရဲ့ ရပ်တည်မှုပေါ့နော် ငွေကြေးပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ ဥက္ကဋ္ဌအနေနဲ့ ပါတီက ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေနဲ့လုံးဝမသက်ဆိုင်တဲ့ အဖြေကိုပြောနိုင်တာလားရှင့်။

ဦးသန်းဌေး။ ။ကျနေ်ာတို့ပါတီဟာ ဥပဒေကို လေးစားလိုက်နာသူများနဲ့ ဖွဲ့စည်းထားတဲ့ ပါတီပါ။ စည်းကမ်းကို ကျနော်တို့ အင်မတန်အလေးထားပါတယ်။ ပါတီတခုရဲ့ ရပ်တည်မှု ၊ ဝင်ငွေလမ်းကြောင်း စသည်အားဖြင့် ဒီဟာတွေကို စိတ်ဝင်စားမယ်ဆိုရင် အဓိက စိတ်ဝင်စားတာက ပြည်ပက ဝင်လာတဲ့ နိုင်ငံခြားငွေကြေးအထောက်အပံ့တွေ ၊ နိုင်ငံခြားက လူပုဂ္ဂိုလ် အထောက်အပံ့တွေအခြားအကူအညီတွေ အဲဒါကို ပိုပြီးတော့ စိတ်ဝင်စားသင့်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာတို့ နိုင်ငံတော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကိစ္စတို့နဲ့ အရမ်းနက်နက်ရှိုင်းရှိုင်းကို ဆက်သွယ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ ကျနော်သေချာပေါက်ပြောရဲတာက ကျနော့်ပါတီက အဲလိုမျိုးတွေမရှိခဲ့ဘူး အခုအချိန်ထိလည်း လူလည်းမရှိဘူး၊ ငွေကြေးအထောက်အပံ့ ပြည်ပက ယူထားတာလည်း မရှိဘူး။

မမေခ ။ ။ဒီလိုမျိုးဖြစ်လာတယ်ဆိုတဲ့ Process က ဒီ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှာဖြစ်လာတယ်။ နောက်တခုကကျတော့ ဒီဟာက နိုင်ငံရေးနဲ့ ပတ်သက်နွယ်တာမျိုးကို ဆိုလိုသွားတာဆိုတော့ ကျမ တိတိကျကျ တခု သိချင်တယ်၊ ဒါနိုင်ငံရေးလှည့်ကွက်လို့ အန်ကယ်သုံးသပ်တာလား၊ လှည့်ကွက်ပါလို့ အန်ကယ်ပြောချင်တာလား။

ဦးသန်းဌေး။ ။လှည့်ကွက်လို့တော့ တိတိကျကျ မဆိုလိုချင်ပါဘူး။ တိုက်ဆိုင်မှုကို သတိထားမိလို့ တင်ပြချင်တာပါ။ ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာဖြစ်တဲ့အတွက် ဒီမိုကရေစီလမ်းကြောင်းမှာ အတိုက်အခံအင်အားစုတွေကိုလည်း ထိုက်သင့်တဲ့နေရာပေးရလိမ့်မယ်။ သူတို့အဲဒီနေရာကိုရောက်လာအောင်လည်း ကူညီပေးရမယ်ဆိုတဲ့ Concept နဲ့ ဟိုတုန်းက အတိုက်အခံအင်အားစုတွေမှာ စောစောကလို အထင်အမြင်လွဲမှားဖွယ်ရာအကြောင်းတွေရှိပေမယ့် အများကြီးဖြေလျှော့ပြီးတော့ လွှတ်တော်ထဲကိုဝင်လာနိုင်အောင် ကျနော်တို့က ဒီလမ်းကြောင်းကို ထွင်ပေးခဲ့တာ။ ဒီနေ့ ကျနော်တို့ အတိုက်အခံကို ရောက်နေတဲ့အခါမှာ ကျနော်တို့ ကျင့်သုံးခဲ့တဲ့ attitude မျိုးမဟုတ်ပဲနဲ့ စောစောကပြောတဲ့ ထောက်ကွက်တွေ စွပ်စွဲချက်တွေနဲ့ လူထုက ဒီပါတီဟာ ဒီလိုမျိုးပါတီ ဆိုတာမျိုးနဲ့ ကျနော်တို့ကို လုပ်သွားတဲ့အနေအထားမျိုး ဖြစ်မှာကို ကျနော်တို့ ကြိုပြီးတော့ စဉ်းစားရတယ်။

ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးသန်းဌေးကို မမေခက တွေ့ဆုံမေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG