သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီငလျှင်က လွတ်မြောက်လာသူတွေကို ကူညီပေးနေတဲ့ ရိုဟင်ဂျာ Ph.D ကျောင်းသားတဦးအတွေ့အကြုံ


တူရကီမှာ နိုင်ငံရေးသိပ္ပံနဲ့ ပြည်သူအုပ်ချုပ်မှုဘာသာရပ်မှာ PhD ဘွဲ့အတွက် သင်ကြားနေတဲ့ ရိုဟင်ဂျာကျောင်းသား ကိုအောင်နိုင်ရွှေ (photo: VOA)
တူရကီမှာ နိုင်ငံရေးသိပ္ပံနဲ့ ပြည်သူအုပ်ချုပ်မှုဘာသာရပ်မှာ PhD ဘွဲ့အတွက် သင်ကြားနေတဲ့ ရိုဟင်ဂျာကျောင်းသား ကိုအောင်နိုင်ရွှေ (photo: VOA)

မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တူရကီနဲ့ ဆီးရီးယားမှာ ပြီးခဲ့တဲ့သီတင်းပတ်က လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၀,၀၀၀ ကျော်ရှိနေပါပြီ။ ပျောက်ဆုံးနေသူအရေအတွက်လည်း အများအပြားရှိနေဆဲပါ။ မြို့ပေါင်း ၁၂ မြို့မှာ လှုပ်ခဲ့တဲ့ ငလျှင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ တိုက်ခန်းအဆောက်အဦပေါင်းလည်း ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ ဒီအဆောက်အဦတွေအောက် အသက်ရှင်လျက်ရှိနေသူတချို့ကိုလည်း ကယ်ဆယ်နိုင်တာမျိုးလည်းရှိနေပါတယ်။ နိုင်ငံတကာက အရေးပေါ်ကယ်ဆယ်ရေးသမားတွေလည်း ရောက်ရှိပြီး တူရကီကအဖွဲ့တွေနဲ့ ပူးပေါင်းအကူအညီတွေ ပေးနေကြပါတယ်။ ငလျင်ဒဏ်ကြောင့် လူဦးရေငါးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အသက်ရှင် လွတ်မြောက်လာသူတွေအတွက်လည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကနေ အကူအညီတွေ ပေးနေကြပါတယ်။ အဲဒီထဲမှာ ငလျင်ဒဏ် အပြင်းဆုံးခံလိုက်ရတဲ့ Hatay မြို့ကို ရောက်ရှိနေပြီး လူသားချင်းစာနာမှု အကူအညီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သေူလည်းဖြစ်၊ တူရကီမှာ နိုင်ငံရေးသိပ္ပံနဲ့ ပြည်သူအုပ်ချုပ်မှုဘာသာရပ်မှာ PhD ဘွဲ့အတွက် သင်ကြားနေတဲ့ ရိုဟင်ဂျာကျောင်းသား ကိုအောင်နိုင်ရွှေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ ။ ။ ဒီမှာမြင်ရတဲ့ logistic area ထောက်ပံ့ရေးဆိုင်ရာနေရာက ဆီးရီးယားဒုက္ခသည်တွေအတွက် လုပ်ထားတဲ့ နေရာတခုပဲ ဖြစ်ပါတယ်။ ဒီဟာက အကြီးဆုံး ထောက်ပံ့ကူညီရေးနေရာတခု ဖြစ်ပါတယ်။ အခုပေးနေတာက ရိက္ခာထောက်ပံ့ရေးပစ္စည်းတွေ ဖြစ်ပါတယ်။ ကျနော် ဒီကိုလာပြီး လုပ်ကိုင်နေတာကတော့ International Youth Forum - နိုင်ငံတကာလူငယ်များဖိုရမ်နဲ့ပါ။ အဲဒီအဖွဲ့ခွဲက မလေးရှားမှာလည်း တခု ရှိပါတယ်။ အဲဒီအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ လာခဲ့တာပါ။ အခုရောက်နေတဲ့နေရာက Hatay မြို့လို့ခေါ်တယ်။ ဒီနေရာက အဆိုးဆုံးနေရာ ဖြစ်တယ်။ ကျနော့်နောက်မှာရှိတဲ့ background ကိုကြည့်လိုက်ရင် လောလောဆယ် ဒုက္ခသည်တွေ မရှိပါဘူး။ သူတို့နေထိုင်ဖို့ တဲတွေတွေ ဆောက်လုပ်ပြင်ဆင်ထားပါတယ်။ ဟိုဘက်မှာတော့ ထောက်ပံ့ရေးတို့ ဘာတို့ အခြားလိုအပ်ချက်တွေအတွက် ပြင်ဆင်လုပ်ကိုင်ထားပါတယ်။ ဒီမှာရှိတဲ့လူတွေက လောလောဆယ်တော့ အမျိုးရှိတယ်။ အခြားမြို့မှာ အမျိုးရှိတယ်ဆိုရင် အဲဒီကိုပို့ပေးတာမျိုးတွေ လုပ်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ အခုကတော့ under control အခြေအနေကို ထိန်းထားနိုင်ပါပြီ။

မေး ။ ။ တူရီကီဘက်ကရော နိုင်ငံတကာအကူအညီတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့် ပေးပါလားရှင့်။

ဖြေ ။ ။ ခွင့်ပြုထားပါတယ်။ ဒီမှာက နိုင်ငံပေါင်းတရာကျော်က လာရောက်ကူညီလုပ်ကိုင်ပေးနေပါတယ်။

မေး ။ ။ အခု ငလျင်ကြောင့် ဘေးဒုက္ခရောက်သွားတဲ့ လူတွေအတွက် အဓိက အကူအညီတွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ လောလောဆယ်တော့ နေထိုင်ရေးအတွက် အရေးကြီးပါတယ်။ သက်ရှင်နေထိုင်ရေးအတွက် ဆောင်းရာသီအလွန်အေးတော့ အိမ်တွေလိုတယ်။ ကျနော်တို့က အပူပိုင်းဒေသက လာခဲ့ပါတယ်။ အဲဒါကြောင့်မို့ အဝတ်အထည်တွေ၊ အနွေးထည်တွေ၊ စောင်တွေ, ဂျက်ကတ် (blanket, jacket) တွေ လိုအပ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ ၂၀၀၈ တုန်းကဆိုရင် နာဂစ်ဆိုင်ကလုန်မုန်တိုင်းကြီး ဖြစ်ခဲ့တယ်။ ဒီလိုမျိုး တိုင်းပြည်အတွင်းမှာ ပြည်သူတွေက သဘာဝဘေးအန္တရာယ်ကို ဆိုးဆိုးဝါးဝါး ခံနေရတဲ့အချိန်မှာ တိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ တာဝန်ရှိတဲ့ အစိုးရပိုင်းက ဘယ်လောက်အထိ အရေးကြီးသလဲ။ သူတို့အခန်းကဏ္ဍကနေ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ။ မြန်မာနိုင်ငံမှာ နာဂစ်ဖြစ်တုန်းက အခြေအနေနဲ့ အခု တူရကီမှာ ကိုအောင်နိုင်ရွှေကိုယ်တိုင် ကြုံတွေ့နေရတဲ့ အခြေအနေကို ယှဉ်ပြပြောပေးလို့ ရပါလားရှင့်။

ဖြေ ။ ။ ဒီနှစ်နိုင်ငံနှစ်ခုကို ယှဉ်ပြပြောရမယ်ဆိုရင် တူရကီမှာ ပထမအစောကြီး ငလျင်လှုပ်တဲ့အချိန်မှာ ၄ နာရီကျော် တူရကီစံတော်ချိန် မိုးလင်းပိုင်းမှာ ဖြစ်ခဲ့တာ။ ဖြစ်တာနဲ့ တူရကီအစိုးရက ချက်ချင်း rescue team ကယ်ဆယ်ရေးအဖွဲ့တွေကို နေရာအလိုက်ကို ပို့လိုက်တယ်။ လူတွေကို ကယ်တင်ကယ်ဆယ်ဖို့အတွက်။ လူတွေရဲ့ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့အတွက် on time အချိန်နဲ့တပြေညီ နေရာတိုင်းကို ရောက်ခဲ့တယ်။ ပြီးတော့ ဖြစ်တဲ့မြို့က (၁၂) ခု ဖြစ်တဲ့အတွက် သူတို့က ဘယ်လိုလုပ်ထားသလဲဆိုတော့ နိုင်ငံတကာကနေ ကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းခေါ်ထားတယ်။ လာပြီးတော့ ဒီမှာတခုခုလုပ်ရမယ်ဆိုရင် လုပ်လို့ရအောင် ခေါ်ဆောင်ထားတယ်။ ဥပမာ - ဘင်္ဂလားဒေ့ရှ်ကနေလည်း ကယ်ဆယ်ရေးအဖွဲ့တဖွဲ့လာတယ်။ တရုတ်ကလည်း အဖွဲ့တဖွဲ့ လာတယ်။ အခြားနိုင်ငံတွေကလည်း ကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံ လာကြပြီး ဒီမှာ ကူညီလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဲဒီလိုဖြစ်တဲ့အချိန်မှာ လူတွေ တော်တော်လေး ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရချိန်မှာ လူတွေ တကယ့်ကို အကူအညီလိုအပ်နေချိန်မှာ အစိုးရက - ကျနော်တို့ ဘာမှအကူအညီမလိုဘူး။ ကျနော်တို့ရှိတာနဲ့ ကျနော်တို့ လုပ်မယ်ဆိုပြီတော့ သူတို့ဘာသာ သူတို့လုပ်ခဲ့ကြတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြောရမယ်ဆိုရင် သူတို့အနေနဲ့ power အာဏာပဲ လိုချင်တယ်။ လူတွေ ဘယ်လောက်ပဲသေသေ၊ လူတွေ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် သူတို့က အဲဒါတွေကို ဂရုမစိုက်ဘူး။ သူတို့အတွက် သူတို့ အာဏာရှိနေရင် တော်ပြီ။ အဲဒီလို မတူကွဲပြားမှုတွေ ရှိပါတယ်။

မေး ။ ။ အခု ကိုအောင်နိုင်ရွှေက အဲဒီလိုမျိုး ငလျင်စလှုပ်တဲ့အချိန်တုန်းက ဘယ်မှာ ရှိနေတာလဲရှင့်။ တူရကီမှာ ငလျင်စလှုပ်တဲ့နေ့က။

ဖြေ ။ ။ ငလျင်လှုပ်တဲ့အချိန်မှာ ကျနော်က ဒီမှာ မရှိနေပါဘူး။ တူရကီ အန်ကရမြို့ (Ankara) မှာ နေနေပါတယ်။ ကျနော်က မသိလိုက်ပါဘူး။ ဒါပေမဲ့ မနက်ခြောက်နာရီ ဘုရားဝတ်ပြုချိန်မှာ သတင်းကြားသိရတယ်။ ကြားသိရပြီးနောက် စိတ်မကောင်း ဖြစ်သွားတယ်။ တီဗီသတင်းမှာ ပုံတွေတွေ့လိုက်ရတယ်။ ဒါပေမဲ့ Gaiantep မြို့မှာလည်း ကျောင်းသားတွေ ရှိတယ်။ တချက်ဖုန်းဆက်တယ်။ အခြေအနေကို ကျနော့် သူငယ်ချင်းတယောက်ကို မေးပါတယ်။ သူက ဒီမှာ ငလျင်လှုပ်ခတ်တယ်။ ဒီလိုမျိုးဖြစ်တယ်။ ဒါပေမဲ့ သူကတော့ အန္တရာယ်ကင်း safe ဖြစ်ပါတယ်လို့ ပြောတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ ဖြစ်တဲ့မြို့က ၁၂ မြို့။ သတင်းတွေ ထွက်လာခဲ့တယ်။

မေး ။ ။ ကိုအောင်နိုင်ရွှေကတော့ ဒီလို လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားလာတဲ့ အခြေအနေတွေကို ပြောပြပါအုံး။ ဘယ်လိုပါဝင်လာပါလဲရှင့်။

ဖြေ ။ ။ ကျနော်က ရိုဟင်ဂျာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးပါ။ ကျနော်က ရိုဟင်ဂျာသမဂ္ဂ နိုင်ငံတနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ပါတယ်။ ဒီမှာက International Student Forum - နိုင်ငံတကာကျောင်းသားများဖိုရမ် ဆိုပြီးတော့ အဖွဲ့အစည်း ရှိတယ်။ အဲဒီအဖွဲ့အစည်းမှာ ကျနော်တို့ပါဝင်ပြီး၊ လစဉ်အစည်းအဝေး ရှိတယ်။ ဒီအဖွဲ့အစည်းမှာ နိုင်ငံတကာကလာရောက်ပြီးတော့ စာသင်နေကြတာ ရှိတယ်။ အဲဒီအစည်းအဝေးကနေ ဆုံးဖြတ်ပြီးတော့ အခု တူရကီမှာ တကယ့်လိုအပ်နေချိန်မှာ ကျနော်တို့ တခုခုမလုပ်ဘူးဆိုရင် လူတွေက ရှုတ်ချဝေဖန်ကြမယ်ဆိုပြီး ဆွေးနွေးကြတယ်။ ကျနော်တို့မှာ တာဝန်ရှိတယ်၊ ကူညီလုပ်ရမယ်ဆိုတာ ဖြစ်ခဲ့တယ်။ အဲဒါကြောင့်မို့ ကျနော်တို့လည်း ကိုယ်ဘာသာကိုယ် အလှူငွေရှာပြီးတော့ လှူဒါန်းကြတယ်။ လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ စောင်တွေ၊ အဝတ်အထည်တွေ လှူဒါန်းကြပါတယ်။ ကျနော်တို့ ရိုဟင်ဂျာမှာလည်း အဖွဲ့အစည်းအမျိုးမျိုး ရှိတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ပါတယ်။ ပြီးတော့ အခြားအဖွဲ့အစည်းတွေကနေ တချို့လူတွေက ပိုက်ဆံတွေ ဘာတွေပေးကြတယ်။ တချို့အဖွဲ့အစည်းတွေက ပစ္စည်းတွေဝယ်ပြီးတော့ ပို့ပေးတယ်။ အဲဒီလိုမျိုး ကူညီလုပ်ဆောင်ခဲ့ပါတယ်။

အင်ကြင်းနိုင် ။ ။ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကို နားဆင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

==== Unicode ====














XS
SM
MD
LG