သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cardinal ဘုန်းတော်ကြီး ချားလ်မောင်ဘိုနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းမှု


Cardinal ဘုန်းတော်ကြီး ချားလ်မောင်ဘိုနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းမှု
Cardinal ဘုန်းတော်ကြီး ချားလ်မောင်ဘိုနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းမှု

ရိုမန်ကက်သလစ် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး Francis ကနေ Cardinal ရဟန်းမင်းအမတ်အသစ် ၂၀ ကို ဇန်နဝါရီလ ၄ ရက်နေ့က ရွေးကောက်ရာမှာ မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်ဘို လည်း ရွေးချယ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ်ဘာသာ သာသနာထွန်းကားခဲ့တဲ့ နှစ် ၅၀၀ ပြည့်တဲ့နှစ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်လ် ရဟန်းမင်းအမတ်အဖြစ် အရွေးခံရပြီး ဗာတီကန်မှာ ဖေဖော်ဝါရီလ ၁၄ နေ့ကျရင် တရားဝင်အခမ်းအနားနဲ့ ချီးမြှောက်ခြင်းခံရမယ့် ရန်ကုန်ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်ဘိုကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

Congratulations ပါ ဆရာတော်။ ဆရာတော်ကို အခုလိုမျိုး ဗာတီကန်ကနေ ပုပ်ရဟန်းမင်းကြီးက Archbishop တွေ အများကြီးထဲကနေ Cardinal အဖြစ်၊ ရဟန်းမင်းအမတ်အဖြစ်နဲ့ ရွေးချယ်လိုက်တာကိုသိရလို့ အရမ်းကို ဂုဏ်လည်း ဂုဏ်ယူပါတယ်၊ ဝမ်းလည်းဝမ်းသာပါတယ်။

ဖြေ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ပြောနိုင်ခွင့်ရဖို့ အခွင့်အရေးလာပေးတဲ့အတွက် သတင်းယူတဲ့အတွက်ကြောင့် ဆရာတော့်ဘက်ကလည်း ကျေးဇူးအများကြီးတင်ပါတယ်။

မေး။ ။ အခုလို ဆရာတော့်ကို Cardinal အဖြစ် ရဟန်းမင်းအမတ်အဖြစ်နဲ့ ရွေးတဲ့အခါမှာ ဘယ်လို Criteria တွေ၊ ဘယ်လို အရည်အချင်းတွေ ရှိဖို့ လိုပါသလဲရှင့်။

ဖြေ။ ။“ပထမဆုံးကတော့၊ ဒါကတော့ ရဟန်းမင်းကြီးရဲ့ ကိုယ်တိုင်ကိုယ်ကျ ရွေးယူတဲ့အရာ ဖြစ်တယ်ပေါ့။ ဘယ်သူမှ Cardinal ဖြစ်မယ်လို့ မှန်းလို့လည်း မရဘူးပေါ့နော်။ ဒါသူ့ရဲ့ personal choice လည်း ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ သူရွေးတဲ့အခါကျတော့ ပုဂ္ဂိုလ်တဦးရဲ့... ဆရာတော်ဆိုလို့ရှိရင် ၂၅ နှစ်ရှိတယ်၊ အဲဒါတွေ တလျှောက်လုံးကို သူတို့အနေနဲ့ လေ့လာထားတယ်၊ မှတ်တမ်းတင် ထားတယ်။ အဲဒါတွေလည်း ကြည့်တာ တချက်ပေါ့။ နောက်တခုက နိုင်ငံတော်ကိုလည်းပဲ ကြည့်တာလည်းပဲ ပတ်သက်တယ်ပေါ့နော်။ အခုရဟန်းမင်းကြီး ရွေးတာထဲမှာ ပုဂ္ဂိုလ်အရလည်းပါတဲ့အပြင် နိုင်ငံတော်အတွက် အကျိုးပြုနိုင်တယ်ဆိုတဲ့ တကမ္ဘာလုံးရဲ့ ရှေ့မှာ မြန်မာပြည်ကိုလည်းပဲ အရေးပေးစေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပဲ ပါပါတယ်။ သူတို့အဲဒါကိုလည်း သူတို့ရွေးတော့၊ အဓိကကတော့ ရွေးပြီးနောက်ပိုင်းမှာ ကမ္ဘာမှာရှိတဲ့ အသင်းတော်တခုလုံးကို အုပ်ချုပ်ဖို့အတွက်၊ လမ်းညွှန်ဖို့အတွက်၊ အကြံဉာဏ်ပေးနိုင်တဲ့ပုဂ္ဂိုလ်နဲ့ သူနဲ့ အနီးနားနေပြီးတော့ သူ့ရဲ့အကြံဉာဏ်ယူပြီးတဲ့နောက်လည်းပဲ ကိုယ်နေတဲ့ဒေသတွေမှာလည်း အကျိုးပြုနိုင်ဖို့ရန်ဆိုတဲ့ Criteria တွေက အမျိုးမျိုး အများကြီးရှိတာပေါ့ အဲ့ဒါတွေကို ရည်စူးပြီးတော့ သူ့အနေနဲ့ ရဟန်းမင်းကြီးကိုယ်တိုင် ရွေးချယ်တဲ့အရာ ဖြစ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ အရင်တုန်းကတော့ ရွေးတဲ့အခါမှာ သက်ဆိုင်ရာပုဂ္ဂိုလ်က နှစ်ရက် သုံးရက်လောက် အနည်းဆုံး ကြိုတင်ပြီးတော့ သိတယ်။ ဒီတခါကတော့ လုံးဝကို မသိဘဲနဲ့ ဒီလိုပဲ နာမည်ကို ကြေညာချက် သူ့ surprise ပဲ။ Bolt from the Blue ပေါ့ အဲ့လိုမျိုး ဖြစ်သွားတယ်ပေါ့နော်။”

မေး။ ။ ဟုတ်ကဲ့ပါ။ ဆရာတော့်အနေနဲ့ ဒီ မြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ တခြားဘာသာဝင်တွေကလည်း ဒီတခြားဘာသာရေးခေါင်းဆောင်တွေပေါ့ ဗုဒ္ဓဘာသာ ဘာသာရေး ခေါင်းဆောင်တွေ၊ ခရစ်ယာန် သာသနာရေး ခေါင်းဆောင်တွေ၊ ဟိန္ဒူသာသနာရေးခေါင်းဆောင်တွေကလည်း ဆရာတော့်ကို တော်တော်လေး လေးစားကြပါတယ်။ အဲတော့ ဆရာတော် ဒီမြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှာ ဘယ်လို အခန်းကဏ္ဍတွေကနေများ ပါဝင်ခဲ့တာပါလဲ။

ဖြေ။ ။ “အဓိကကတော့ အမှန်အတိုင်းဆိုရင် သူတို့က ပြင်းပြင်းထန်ထန်နဲ့ အားရပါးရနဲ့ စခဲ့တာကတော့ ဒီ US Ambassador ဒဲရစ်ပေါ့နော် သူကိုယ်တိုင်က ဦးဆောင်ပြီးတော့ ဆရာတော်ကိုလည်း လာတွေ့တဲ့အခါမှာ သူက မေးပါတယ်။ ဆရာတော် ဒီဟာနဲ့ ပတ်သက်လို့ ဘာသာရေးတွေ ညီညီညွတ်ညွတ်နဲ့ စည်းစည်းရုံးရုံးဖြစ်ဖို့အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ဒီမှာလာပြီးတော့ မေးတုန်းက ဆရာတော်က အကြံဉာဏ်ပြုပါတယ်။ သံအမတ်အနေနဲ့ ဒီဘာသာရေးခေါင်းဆောင်တွေကို သံအမတ်ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲခေါ်ပြီးတဲ့နောက် Breakfast ပဲဖြစ်နေပါစေ သူ သုံး၊ လေး၊ ငါး ခါလောက် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယာန် ခေါ်ပြီးတဲ့နောက် အိမ်မှာ ဆွေးနွေးပြီးတဲ့အခါမှာလည်း သူတို့ ထုတ်ပြန်တဲ့ကြေညာချက်မျိုး ပြုလုပ်တယ်ပေါ့။

‘အဲ့ဒီဟာလည်းပဲ တချက်အပြင်ကို ဆရာတော်အနေနဲ့ကတော့ ဒီအခွင့်အရေးကြုံကြိုက်တိုင်း ကြုံကြိုက်တိုင်းမှာ ခရစ္စမတ်တို့၊ Easter၊ New Year တို့လိုမှာပဲဖြစ်ဖြစ် ရံဖန်ရံခါလည်းပဲ ဒီ ဘာသာရေး ညီညွတ်ရေးအတွက်နဲ့လည်း ဖြစ်မယ်။ နောက်ပြီးတော့ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်းပေါ့နော် ဒီမိုကရေစီရဖို့ရေးအတွက်ဆိုတဲ့ statement တော်တော်များများ ထုတ်ပါတယ်။ ထုတ်တဲ့အခါမှာလည်းပဲ ပြည်တွင်းအပြင်ကိုမကဘဲနဲ့ နိုင်ငံအပြင်ဘက် international community မှာလည်း တော်တော်များများ ဖတ်ကြပါတယ်။ သူတို့ response တွေဘာတွေလည်းပဲ။ ဒီလိုမျိုးပြောတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေပဲဖြစ်နေ၊ လက်ရှိ အစိုးရပဲဖြစ်နေ ဆရာတော်နဲ့ကတော့ ရိုးရိုးသားသားနဲ့ မှန်မှန်နဲ့ ပြောတာပါ။ ပုဂ္ဂိိုလ်အရ တဦးတယောက်ကိုမှာလည်းပဲ မထိခိုက်ပါဘူး။ တချို့ကတော့ အဲ့ဒီမှာ ဆရာတော် နိုင်ငံရေးနဲ့လည်း ပတ်သက်တဲ့ သိပ်များလွန်းတယ် ဘာညာတောင်မှ ပြောကြတယ်။ ဒါပေမဲ့ statement တွေလို ရှင်းရှင်းလင်းလင်း ပြောခြင်းအားဖြင့်ပေါ့နော် သူတို့လည်းပဲ လေးစားပါတယ်။ ဆရာတော်အနေနဲ့က ကိုယ့်ရဲ့ခံယူချက်တခုကတော့ မြန်မာပြည်မှာ လူတိုင်းလိုပဲ ကိုယ့်ဘာသာကိုယ် ကိုင်းရှိုင်းကြတယ်။ အထူးသဖြင့် ကိုယ့်ဘာသာခေါင်းဆောင်တွေ ပြောတယ်ဆိုရင် နားထောင်ကြတဲ့ လူတွေချည်းပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ဘာသာရေးခေါင်းဆောင်တွေ အချင်းချင်း ခဏခဏ စုံကြတယ်၊ ဆွေးနွေးကြတယ်။ တဦးနဲ့တဦး နားလည်ကြ၊ ရိုသေကြတယ်ဆိုရင် နောက်လိုက်သားတွေကပေါ့နော် အားလုံးပဲ ဘာသာရေးညီညွတ်မှုနဲ့ တိုင်းပြည်မှာပေါ့ နိုင်ငံမှာ ငြိမ်ချမ်းရေးအတွက်ကို ဦးတည်ပြီးတော့ သွားမယ်ဆိုတာ ဆရာတော်အနေနဲ့ ယုံကြည်တယ်ပေါ့လေ။”

မေး။ ။ ဟုတ်ကဲ့ပါ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လာလို့ရှိရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ပတ်လည် အစီရင်ခံစာတွေ ထွက်ပါတယ်။ အဲ့ဒီအခါမှာ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေက ဘယ်တော့မှ သိပ်အကောင်းကြီးထဲမှာ ရှိမနေဘူးပေါ့နော်။ ဆရာတော့်အနေနဲ့ရော ဘယ်လိုများ သုံးသပ်လို့ရပါသလဲ။ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့။

ဖြေ။ ။ “ဆရာတော့်ရဲ့အတွေ့အကြုံကတော့ တိုက်ရိုက် ဟို ရက်စက်တာ၊ တိုက်ရိုက် ညှဉ်းဆဲတာမျိုးတော့ ကိုယ်တိုင်လည်းပဲ မခံစားရဘူး။ တနည်းအားဖြင့်ဆိုရင် ဟို ၁၉၉၀ လောက်ကတည်းက၊ နှစ် ၂၀၀၀ လောက်ကတည်းက ဘုရားကျောင်းတွေ၊ churches တွေထဲမှာဆိုရင် ဆရာတော် ဘာသာရေး တရားဟောတာလည်း ရှိတယ်။ ခုနကပြောသလို လက်ရှိအခြေအနေကို သုံးသပ်ပြီးတော့ ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အခုထိတောင် တခါမှလည်းပဲ MI တွေ၊ SB တွေ လာမေးတာမျိုး၊ ခြိမ်းခြောက်တာမျိုး တခါမှ မကြုံခဲ့ဖူးပါဘူး။ နောက်ဘာသာရေးဘက် ဥပမာဆိုရင် လားရှိုးမှာဆိုရင် ၁၀ နှစ်ကြာခဲ့၊ ပုသိမ်ဘက်မှာဆိုရင်လည်း ဘာသာရေး အဆောက်အဦးတွေ ဘာတွေ ဆောက်တာမျိုးတွေ ရှိပါတယ်။ ခက်ခဲတာရှိသလို၊ ကန့်ကွက်ခံရတာမျိုး နည်းနည်းပါးပါးတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်နေရာ ကိုယ့်ဘုရားကျောင်းဝင်းထဲမှာ ဘုရားရှိခိုးတာတွေ၊ activities တွေ လုပ်တာတွေကို သူတို့အနေနဲ့ ဘာမှတော့ ကန့်ကွက်တာတွေ မရှိပါဘူး။

“တခုတော့ရှိတယ်ပေါ့ ဆရာတော်အနေနဲ့ ထင်တာကတော့ ဒီမှာက ဗုဒ္ဓဘာသာက ၈၅ ရာခိုင်နှုန်းရှိတယ်၊ ခရစ်ယာန်တွေက ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းပေါ့ တခြားဂိုဏ်းဂဏတွေရော ပေါင်းလုပ်လို့ရှိရင် နည်းနည်း ခွဲခြားမှုလေးတွေတော့ တွေ့ရတယ်ပေါ့နော်။ ဆိုကြပါစို့ ဆရာတော်တို့ ဘာသာဆိုလို့ရှိရင် အလှူငွေလာပေးတာလား၊ ဟိုလိုမျိုးကူညီတာလားဆိုတာ ဘာမှ မရှိသလောက်ပါပဲ။ ဒီမှာရှိတဲ့ သိမ်ဖြူလမ်းမှာ လူအိုရုံတွေတော့ရှိတယ်။ တနေ့ကိုတော့ ဆန်ဘယ်နှစ်အိတ်ပေးတယ် အဲလောက်တော့ ကြုံဖူးတယ်ဗျ။ ဒါပေမဲ့ တခြားလူတွေနဲ့ ပတ်သက်လို့ရှိရင် ဗိုလ်ကြီး၊ ဗိုလ်ချုပ်၊ ဗိုလ်မှူး တွေကနေ အားလုံး ဗုဒ္ဓဘာသာတွေပဲ သူတို့ကိုယ်တိုင် ဦးစီးပြီးတဲ့နောက် စေတီဆောက်ကြတယ်။ ဆရာတော်တို့ကျတော့ ဘုရားကျောင်းလေးဘာလေး အသစ်ဆောက်ချင်တယ်ဆိုရင်တော့ အပိတ်ခံရတယ်၊ အတားခံရတယ် ဆိုတော့ တိုက်ရိုက်တော့ ဟိုဟာ မရှိပေမဲ့ အများရဲ့ဟိုဟာ favor ဖြစ်ဖို့ပေါ့နော် အများရဲ့ဟိုဟာရဖို့ဆိုပြီးတော့ ဟိုဘက်ကိုတော့ အများကြီးပဲ ဦးစားပေးပြီးတော့ discrimination ရှိတယ်ဆိုတာတော့ တွေ့ရပါတယ်။”

မေး။ ။အခုဆိုရင် ဆရာတော်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ သွားပြီး ပုပ်ရဟန်းမင်းကြီးကနေ ချီးမြှင့်တဲ့ ဒီ Cardinal- ရဟန်းမင်း အမတ်အဖြစ်နဲ့ ချီးမြှောက်ခြင်းခံရမယ်ပေါ့။ အဲ့လိုမျိုး ချီးမြှောက်ခြင်းခံရမှာနဲ့ ပတ်သက်ပြီးတော့ သာသနာရေး ဝန်ကြီးဌာနကနေပြီးတော့ ဆရာတော့်ကို ဘယ်လိုများ ဆက်သွယ်တာရှိပါသလဲရှင့်။ သူတို့အနေနဲ့ အကူအညီပေးဖို့တွေ ဘာတွေများ ရှိပါသလားရှင့်။

ဖြေ။ ။ “အခုထိတော့ သာသနာရေးဝန်ကြီးအနေနဲ့တော့ ခုနပြောတဲ့ ဝန်ကြီးများအနေနဲ့ရော၊ နေပြည်တော်အနေနဲ့ပါ လောလောဆယ်တော့ ဘာမှတော့ သူတို့အနေနဲ့ အသိအမှတ်ပြုတာတို့ ဘာတို့ မေးမြန်းတာတို့ Congratulation လုပ်တာတို့ ဘာတို့ ဘာမှ အထူးအထွေတော့ မရှိဘူး။ ကြည့်ရတာတော့ မြန်မာပြည်ရဲ့ လက်ဟောင်း အငွေ့အသက်တွေကလည်း အများကြီး ကျန်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာတော်အနေနဲ့က နောင်တချိန်မှာ ပြီးတဲ့အခါမှာပေါ့နော် သူတို့ဆီသွားတွေ့ပြီးတော့ ကိုယ့်ကိုယ်ကိုပဲ တင်ပြပြီးတော့ ကိုယ့်ကိုယ်ကိုပဲ present လုပ်ရမယ့် အခြေအနေမှာရှိတယ်ပေါ့။ ဒါပေမဲ့ အခုလောလောဆယ်တော့ သူတို့ဘက်က ဘယ်လိုများ ရည်ရွယ်ချက်ရှိသလဲ။ ဘယ်လိုများ အသိအမှတ်ပြုမလဲဆိုတာ အခုထိတော့ မသိရသေးပါဘူး။”

ဟုတ်ကဲ့ ကျေးဇူးပါ ဆရာတော်။

XS
SM
MD
LG