သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အရေးယူဖို့ ဗြိတိန်အစိုးရကို ပါလီမန် တိုက်တွန်း


ဗြိတိသျှပါလီမန်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့ပြီး တဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှု ဆောင်ရွက် ချက်တွေဟာ ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်နေတယ်လို့ ဆိုပြီး ဒီအပေါ်မှာ ဗြိတိန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည် တုံ့ပြန်ဖို့ ဗြိတိန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဗြိတိန်အစိုးရကို တိုက်တွန်းနေပါတယ်။ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Tom Tugendhat ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။

မခင်ဖြူထွေး ။ ။ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ အစီရင်ခံစာထဲမှာ - ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု အခြေအနေတွေဟာ - လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်တယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု အရာမြောက်တဲ့ အထိတောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပြီး ဖော်ပြထားပါတယ်။ ဒီအသုံးအနှုန်းတွေက သိပ်ကို ပြင်းထန်တဲ့ အသုံးအနှုန်းတွေပါ။ ကော်မတီအနေနဲ့ ဘယ်လိုအချက်အလက်တွေအပေါ်မှာ အခြေခံပြီး အခုလို ကောက်ချက်ဆွဲ သုံးနှုန်းတာပါလဲ။

နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Tom Tugendhat
နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Tom Tugendhat

နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ။ ။“သက်သေအထောက်အထားတွေကတော့ မျက်မြင်တွေ့ခဲ့သူတွေရဲ့ ပြောပြချက်တွေ၊ ဘင်္ဂလားဒေ့ရှ်ကို ကိုယ်တိုင် သွားရောက်ခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ သွားရောက်ခဲ့ကြတဲ့ ပရဟိတ အကူအညီပေးရေးအဖွဲ့တွေက ၀န်ထမ်းတွေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲ Zeid Ra’ad al-Hussein နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအစီရင်ခံစာ တင်သွင်းခဲ့တဲ့ ကိုဖီအာနန် လို ပုဂ္ဂိုလ်တွေဆီက အချက်အလက်တွေကို ရယူပါတယ်။ ဆိုတော့ သက်သေအထောက်အထားတွေ အများအပြားကို ကျနော်တို့ စုဆောင်း လေ့လာပြီးတော့မှ ခုလို ဖော်ပြတာပါ။ ခင်ဗျားပြောတာမှန်ပါတယ်။ ဒီအသုံးအနှုန်းတွေက ပြင်းထန်ပါတယ်။ ဒါကြောင့်လဲ ကျနော်တို့ အနေနဲ့ ကိုယ်ထင်ရာ ပြောတာမျိုးမဟုတ်ဘဲ တကယ့် အခြေအနေမှန်ကို ထင်ဟပ်ပြီး သုံးနှုန်းတာမျိုးဖြစ်အောင် အများကြီး စဉ်းစား သုံးသပ်ခဲ့ပါတယ်။”

မခင်ဖြူထွေး ။ ။ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။ နိုင်ငံတကာအနေနဲ့ သတင်းအချက်အလက် အမှန်တွေ မရဘူးလို့ ပြောပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ လက်ရှိ မြန်မာအစိုးရအနေနဲ့လည်း ခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းပြည်မှာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဒီအပေါ်မှာ မြန်မာအစိုးရကို ဘာများ တုံ့ပြန် ပြောချင်ပါသလဲ။

နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ။ ။ “ကျနော်တို့ရဲ့ တွေ့ရှိချက်တွေကတော့ မြန်မာအစိုးရပြောတာနဲ့ လုံးဝ ကွဲပြားပါတယ်။ ဒါက သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုရဲ့ တင်ပြချက်ပါ။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ကုလသမဂ္ဂ နဲ့ အာဆီယံ အပါအ၀င် နိုင်ငံတကာအဖွဲ့တွေရဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကိုသာ ခွင့်ပြုမယ်ဆိုရင် ကျနော်တို့က ၀မ်းသာ ကြိုဆိုမှာပါ။ ကြိုဆိုကြောင်းကိုလည်း ခုလိုပဲ ထုတ်ဖော် ပြောဆိုမှာပါ။ ဒါပေမဲ့ နှိပ်စက်ညှင်းပမ်းခံရမယ့်အရေး စိုးရိမ်စရာမရှိပါဘဲ လူပေါင်း ခြောက်သိန်းခွဲလောက်က သူတို့ဘာသာ ထွက်ပြေးခဲ့ကြ တာပါလို့ ပြောရင်တော့ ဒါက လက်ခံဖို့ အင်မတန် ခက်ပါတယ်။”

မခင်ဖြူထွေး ။ ။သိပ်မကြာခင်ကပဲ မြန်မာအစိုးရက ကော်မရှင်တခုဖွဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံတကာက လေးစားရတဲ့ ပုဂ္ဂိုလ်တွေ၊ ကျွမ်းကျင်သူတွေ ပါဝင်ပြီး ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ရာမှာ အထောက်အကူ ပြုနိုင်ဖို့အတွက်လို့ ဆိုပါတယ်။ ဒီကော်မရှင်နဲ့ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲ။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အရေးပြဿနာ ကိုင်တွယ်ရာမှာ ဒီလုပ်ဆောင်မှုက တိုးတက်မှုတခုအဖြစ် မြင်နိုင်ပါသလား။

နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ။ ။“ပြဿနာက ကော်မရှင်အသစ်ဖွဲ့ဖို့ လိုနေတာမဟုတ်ပါဘူး။ အကြံပြုချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုနေတာပါ။ ကျနော်တို့ သိထားတဲ့အတိုင်း ကိုဖီအာနန် ကော်မရှင် ရှိထားတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး ဆိုင်ရာ ကော်မရှင် ဆိုတာတွေ ရှိတယ်။ ကော်မရှင်တွေက အများကြီး ရှိနေပြီးသားပါ။ ကော်မရှင်သစ် ဖွဲ့ဖို့လိုအပ်နေတာ မဟုတ်ပါဘူး။ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ တိုးတက်မှုတွေရှိအောင် ဖော်ဆောင်ဖို့ပါ။”

မခင်ဖြူထွေး ။ ။ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု အခြေအနေတွေ ဖြစ်လာခဲ့တာ အခုဆိုရင် သုံးလာကျော် ကြာလာခဲ့ပါပြီ။ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းတော့ မရှိသေးပါဘူး။ UK အစိုးရအနေနဲ့၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံး အနေနဲ့ ဒီအကျပ်အတည်း အဆုံးသတ်အောင် ဘာများ ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနိုင်ပါမလဲ။

နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ။ ။ “ကျနော်တို့ဆီက ၀န်ကြီး Mark Field ဆောင်ရွက်နေတာတွေကို ကျနော်တို့ ကြိုဆိုပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒါဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်နေတယ်ဆိုတာကို သူ စတင် သုံးစွဲ ပြောခဲ့တာပါ။ ဒါဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ဖြစ်တယ်လို့ အတိအလင်း သူ ပြောခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ ဒီလို ပြတ်ပြတ်သားသား သုံးနှုန်းပြောဆိုဖို့ အရေးကြီးပါတယ်။ တကယ် ဖြစ်ပျက်နေတဲ့အပေါ်မှာ ပြောဆိုတာပါ။ အစိုးရကိုလည်း ဒီဖြစ်ရပ်မှာ အဓိကတာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ဖို့ ကျနော်တို့ တိုက်တွန်းထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့အနေနဲ့ ဒီအတိုင်း ရပ်ကြည့်နေလို့ မရတော့ပါဘူး။ ကျနော်တို့ရဲ့ ရည်တည်ချက်ကို ပြရပါမယ်။ ဒါကြောင့် ခုလို သုံးနှုန်းပြောဆိုရတာလည်း ဖြစ်ပါတယ်။”

မခင်ဖြူထွေး ။ ။ မြန်မာစစ်တပ်ခေါင်းဆောင်တွေအပေါ် လိုအပ်ရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားဖို့ တိုက်တွန်းတယ်ဆိုတော့ - တကယ်ပဲ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေက ရခိုင်အရေး ပြဿနာကို ကိုင်တွယ်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါသလား။

နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ။ ။“သူတို့ချည်းပဲဆိုရင် မထိရောက်နိုင်ပေမဲ့၊ ဒါက နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံးအနေနဲ့ ဆောင်ရွက်ရမယ့် တစိတ်တပိုင်း ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဘယ်လိုအရာတွေကိုတော့ လက်ခံနိုင်တယ်။ ဘယ်တွေကိုတော့ လက်မခံနိုင်ဘူးဆိုတာကို ပြောရမှာပါ။ ဒါက ကျနော်တို့ ယုံကြည်လက်ခံတဲ့ အရာတွေ၊ ဒါတွေကိုတော့ လုံးဝ လက်မခံနိုင်ဘူး ဆိုတာမျိုးပါ။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG