သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားကူးသန်းဝန်ကြီးနှင့် ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း


စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာ သန်းမြင့်
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာ သန်းမြင့်

အစိုးရသစ်လက်ထက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း ကုန်စည် ကူးသန်း ရောင်းဝယ်ရေး အဆင်ပြေ ချောမွေ့စေဖို့၊ ပြည်ပနဲ့ကုန်သွယ်ရေးမှာ ပိုပြီး တိုးတက် ကောင်းမွန်စေဖို့နဲ့ နိုင်ငံအနည်းငယ်ပေါ်မှာပဲ မှီခိုအားထားနေရတဲ့ ကုန်သွယ်ရေးကနေ ဈေးကွက်ကိုဖြန့်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဆက်ဆံနိုင်ရေးတွေကို ဦးစားပေးလုပ် သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။ ပြည်ထောင်စု ဝန်ကြီးအဖြစ် အတည်ပြုခန့်ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ဗွီအိုအေ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက ဝန်ကြီး ဒေါက်တာ သန်းမြင့်ကို တွေ့ဆုံ မေးမြန်းထားတာပါ။

ဒေါ်ခင်စိုးဝင်း။ ။ စီးပွား၊ ကူးသန်းဝန်ကြီးဌာနအနေနဲ့ပေါ့နော် ကျမ နားလည်သလောက်ပြောရမယ်ဆိုရင်တော့ နိုင်ငံရဲ့ စီးပွားရေးရာ ကိစ္စတွေမှာ ထဲထဲဝင်ဝင်ဆောင်ရွက်ရမယ်။ နောက်ပြီးတော့ ကူးသန်းရောင်းဝယ်ရေးမှာလည်း နိုင်ငံတကာနဲ့ ဆက်သွယ် ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိမှာပေါ့နော်။ အဲတော့ ဆရာ ဒီ စီးပွား၊ ကူးသန်းဝန်ကြီးတယောက်ဖြစ်လာတယ်၊ တာဝန်ယူရတော့မယ်ဆိုရင် ဘာကိုများ ဦးစားပေးပြီးဆောင်ရွက်ချင်ပါသလဲရှင့်။

ဒေါက်တာ သန်းမြင့်။ ။ ဦးစားပေးမှာ ကျနော်တို့ ၃ မျိုးလောက်ရှိပါတယ်။ တမျိုးကလောလောဆယ် ကျနော်တို့ ပြည်တွင်းကုန်သွယ် ကူးသန်းရောင်းဝယ်ရေးပေါ့။ ဒီမှာ ယနေ့ ကြုံတွေ့ရတဲ့ ပြဿနာက ထုတ်လုပ်သူကလည်း အထူးသဖြင့် လယ်သမားပေါ့။ အသေးစား စက်မှုလုပ်ငန်းများပေါ့ဗျာ။ သူက ထုတ်လုပ်ချင်ရင် သင့်တော်တဲ့ ဈေးနှုန်း သူက ရမှာပေါ့လေ ။ တဘက်က ကျနော်တို့ ဒါကို end point အနေနဲ့ ကြည့်မယ်ဆိုရင် စားသုံးသူ ကလည်း သင့်တော်တဲ့ ဈေးနှုန်းသူပေးရမှာပေါ့လေ။ ပို့ကုန်ကျတော့လည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ ပေးရမှာပေါ့ ။

ဒီမှာ ကြည့်ရတာ ဘာဖြစ်သလဲဆိုတော့ တောင်သူလယ်သမားတွေ ထုတ်တဲ့ ဈေးနဲ့ တဘက်က စားသုံးသူဈေးနဲ့ အင်မတန် ကွာဟနေတယ်။ ၄ ဆ ၊ ၅ ဆ ၊ ၆ ဆ လောက်ကွာတဲ့အခါကျတော့ သဘောကတော့ ထုတ်လုပ်သူ တောင်သူလယ်သမား ဈေးနှုန်းကတော့ အင်မတန် နိမ့်ပြီးတော့ စားသုံးသူက ပိုများနေတယ်။ ဒီကြားထဲမှာ trade ပေါ့ ဖြန့်ချီရေးဆိုတဲ့အခါကျတော့ ဒီမှာက supply chain ပေါ့ ဖြန့်ချိရေးအပိုင်းမှာ ချောမွေ့မှု မရှိဘူးပေါ့ဗျာ။ ဒါကိုကျနော်တို့က trade route ပေါ့။ အဓိက သယ်ယူပို့ဆောင်ရေးပါသလို အခြားဆက်သွယ်ရေး၊ အခြားအရာတွေလည်း ပါတယ်ပေါ့ဗျာ။

ဒီအထဲမှာ ပြည်နယ်၊ ပြည်မ ဆိုတဲ့ ဖြန့်ချီရေး ဒီတွေလည်း ပါတာပေါ့ဗျာ။ ဒါကို ကျနော်တို့က ထုတ်လုပ်သူနဲ့ စားသုံးသူကြားထဲမှာ ကျနော်တို့က သင့်ထိုက်မျှတတာရအောင် ကျနော်တို့က supply chain တွေ ပြုပြင်ပြောင်းလဲရမှာပဲ။ လမ်းပမ်းဆက်သွယ်ရေးတွေ ကောင်းဖို့တို့ ၊ အတားအဆီးတို့ ၊ မလိုအပ်သောဥပဒေတို့ ဒါပြည်တွင်းမှာရှိတာပေါ့လေ။ နောက်တခု ကျနော်တို့က ပြည်ပနဲ့ ဆက်ဆံမယ့်အခါ ကျတော့လည်း ပြည်တွင်းကလည်း ယနေ့အထိ သဘာဝအခြေခံမှာ ထုတ်တဲ့ ပစ္စည်းတွေက ပို့ကုန်က ပို့နေရတဲ့အခါကျတော့ ဒါလည်း အတက်အကျ ရှိတယ်ပေါ့။ နောက်တခုလည်း ကျနော်တို့က ဒီကုန်သွယ်ရေးမှာလည်း နိုင်ငံတနိုင်ငံ၊ ၂ နိုင်ငံ ပေါ်မှာ လုံးဝမှီခိုနေရတဲ့ သဘောဖြစ်တယ်။ အဲတော့ ကျနော်တို့က တိုင်းပြည်က ပွင့်လင်းလာတဲ့အခါကျတော့ ကျယ်ကျယ်ပြန့်ပြန့်ဈေးကွက်ကို ဖြန့်ပြီးတော့ အခြားနိုင်ငံတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဆက်ဆံဖို့ကလည်း အဓိက ပြဿနာဖြစ်တယ်ပေါ့။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ပါ။ ဒီနိုင်ငံတကာ အတွေ့အကြုံပေါ့နော် ကုလသမဂ္ဂ မှာလည်း ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ဘူးတယ်ဆိုတော့ ဒီနိုင်ငံရဲ့ လူနေမှုဘ၀ မြှင့်တင်ရေးအတွက်ကိုပေါ့နော် ဆရာ ဘာကိုဦးစားပေးပြီးလုပ်ရင်ကောင်းမယ်လို့ စဉ်းစားထားပါသလဲရှင့်။

ဒေါက်တာ သန်းမြင့်။ ။ အဲဒါတော့ ကျနော်တို့ဆီက ဆရာမ စောစော ကပြောသလိုပေါ့နော် ပြည်သူက နှစ်ပေါင်းများစွာ နိုင်ငံရေးစကားပြောရင်တော့ ခါးစည်းခံခဲ့ရတဲ့အခါကျတော့ လိုအပ်ချက်တွေ အများကြီးပါပဲ။ လှိုင်သာယာမြို့နယ်ဆိုရင် အရှင်းဆုံးပြောရရင် ကျနော်က အဲဒီကလာတော့ ပိုသိတာပေါ့နော်။ ဒီလိုပဲ ပြည်နယ်၊ ပြည်မ မှာတွေ ချင်းတောင်တို့ ရခိုင်တို့ အရှေ့မြောက်ဒေသတို့မှာလည်း ရှိကြပါတယ်။ ပြည်သူရဲ့လိုအပ်ချက်က အများကြီးရှိတယ်။ အလုပ်အကိုင်ရရှိရေး ကျန်းမာရေး၊ ပညာရေး ၊ သွားရေး လာရေး ၊ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ခုန တဘက်က အရှေ့မြောက်ဘက်မှာဖြစ်နေတဲ့ ငြိမ်းချမ်းရေး စသဖြင့် အများကြီးလိုအပ်တဲ့အခါ တက်လာတဲ့ အစိုးရကို အင်မတန် မျှော်လင့်ချက် ကြီးမားပါတယ်။ မျှော်လင့်ချက် ကြီးမားတဲ့အခါကျတော့ ကျနော်တို့က ဒါကို ချက်ချင်းလက်ငင်းတော့ ကျနော်တို့က အဆင့်ဆင့်ပဲ ကျနော်တို့က လုပ်ပေးရမှာပေါ့။

ဒါလည်း ကျနော်တို့အတွက် စိန်ခေါ်မှုတွေပါ။ တဘက်ကလည်း ကျနော်တို့ကြည့်မယ်ဆိုရင် အစိုးရသစ်တက်လာတဲ့အခါကျတော့ ကျနော်တို့ အစိုးရရဲ့ အရည်အသွေးဆိုတာကလည်း ဒါလည်း ထည့်သွင်းစဉ်းစားရတာပေါ့လေ။ နောက်တချက်ကလည်း ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေက ကျနော်တို့ ကြိက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကလည်း ကျနော်တို့ကို အကန့်သတ်တခုဖြစ်နေတယ်ခင်ဗျ။ ဒီဘောင်အတွင်းကပဲ ဆောင်ရွက်ရမှာပါ။ တဘက်ကလည်း ဘာပဲဖြစ်ဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျန်းမာရေး ၊ ပညာရေးတွေက အစိုးရဘက်ကပဲ အားလုံးဆောင်ရွက်တဲ့အခါကျတော့ ကျနော်တို့က အစိုးရရဲ့ policy လုပ်ငန်းဆိုင်ရာများကို ဝန်ထမ်းနဲ့ပဲ ဆောင်ရွက်ရတော့ ၊ ဝန်ထမ်းတွေအရည်အသွေးမြှင့်ဖို့တို့ ၊ ဥပဒေလိုက်နာမှုတို့ ၊ ပွင့်လင်းမြင်သာမှုကလည်း စိန်ခေါ်မှုဖြစ်တယ်။

ဒါတွေကို ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ။ တဘက်ကလည်း ကျနော်တို့ က ဘားဂျက်ပေါ့လေ sources ပေါ့ဗျာ။ ကျနော်တို့ ကြည့်မယ်ဆိုရင် ဒါ လမ်းပန်းဆက်သွယ်ရေးတို့ ၊ မီးတို့၊ လျက်စစ်တို့ ၊ ရေတို့ တဘက်ကလည်းinstitutional infrastructure ပေါ့ဗျာ။ ကျနော်တို့အစိုးရအဖွဲ့အစည်း ၊ ဝန်ထမ်းတွေရဲ့ စွမ်းရည်ပေါ့ဗျာ ။ တဘက်ကလည်း ကျနော်တို့လူမှုအဖွဲ့အစည်းတွေနဲ့ ခုနပြောတဲ့ စေတနာရှင်အဖွဲ့နဲ့ သူတို့စွမ်းရည်ကလည်း ကျနော်တို့အတွက် စိန်ခေါ်မှုပေါ့။

ကန့်သက်ချက်က ကျနော်တို့ ဘက်ဂျက်ဝင်ငွေပေါ့။ အရာရာမှာကျနော်တို့က အစိုးရ ဘက်ဂျက်အရပဲ လုပ်နိုင်တယ် ဆိုတဲ့အခါကျတော့ ဒီဘက်ဂျက်ကလည်း သိတဲ့အတိုင်းပဲ ကျနော်တို့မှာက လိုငွေဘက်ဂျက် အများကြီးပြနေတော့ ဒီဘားဂျက်ကို ရဖို့ကို ကျနော်တို့က ကြိုးစားပမ်းစား ရအောင်ရှာဖွေ၊ သုံးတဲ့အခါ စီစီစစ်စစ်သုံးမယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကျနော်တို့ကို နည်းပညာဖြစ်စေ ၊ ငွေကြေးထောက်ပံ့မှုလည်း ကျနော်တို့များများပိုရမယ်လို့တော့ ဒါနဲ့ပေါင်းစပ်လုပ်မယ်ဆိုရင်တော့ လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော ၊ ဝန်ထမ်းရော ၊ ပြည်သူ့စောင့်ကြည့်ရေးအဖွဲ့ရော နိုင်ငံတကာရဲ့ စေတနာနဲ့ ကူညီမှုနဲ့ လုပ်မယ်ဆိုရင်တော့ ဒါက ကျနော်တို့ မလွဲမသွေအောင်မြင်မှာပါ။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဂတိတရားကင်းစင်ရေးပေါ့နော် ။ ဒီစီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဆိုတာလည်း အဂတိတရားလိုက်စားတဲ့အပေါ်မှာ နည်းနည်းလေးလည်း နာမည်လည်းကြီးခဲ့ဖူးပါတယ်။ ဥပမာ ကားပါမစ်ထုတ်ပေးတဲ့ ခေတ်ဆိုတုန်းကဆိုရင် ဒီခေါင်ကအစ မိုးမလုံခဲ့လိုပေါ့လေ တော်တော်လေးကို နာမည်ပျက် ခဲ့တာပါ။ အဲတော့ ဝန်ကြီးလက်ထက်မှာရော အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေများအကောင်အထည်ဖော်ဖို့ စဉ်းစားထားပါသလဲရှင့်။

ဒေါက်တာ သန်းမြင့်။ ။ ဟုတ်ပါတယ်။ အဲဒါကတော့ သတင်းမီဒီယာတွေလည်း အများကြီးထောက်ပြပါတယ်။ ကျနော်တို့လည်း ဒါတွေကို သိရှိရတာပေါ့လေ။ ကျနော်တို့ ဥက္ကဋ္ဌလည်း အမြဲပြောပါတယ်။ အဂတိတရားလေးပါးမှာ ကိုယ်ကိုတိုင်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကအစ အစိုးရအဖွဲ့ဝန်ကြီးတွေအားလုံးကင်းစင်ဖို့လိုပါတယ်။ အဂတိတရားဆိုတာ ငွေရေးကြေးရေးတို့ အဆင်းရဲတော့ ခံနိုင်ရမယ်။ ချမ်းသာမှုကိုလည်း ခံနိုင်ရမယ်ပေါ့နော်။ လောကဓံ ၈ ပါးကိုလည်း ခံနိုင်ရမယ်။ ထားပါတော့ ဝန်ကြီးအဖွဲ့က ဒီလိုဟာမျိုးကို ကင်းစင်မယ်ဆိုရင် တဘက် ကလည်း ဟိုတုန်းက ခရိုနီတို့ ၊ အဂတိဆိုတာက တဘက်က အုပ်ချေအဖွဲ့နဲ့ တဘက်က ကုန်သည်များပေါင်းလုပ်တာပေါ့ ။ ကျနော်တို့ဘက်က အုပ်ချေအဖွဲ့က သို့မဟုတ်အစိုးရအဖွဲ့က ကင်းစင်သွားမယ်ဆိုရင် တဝက်တော့ လျှော့သွားတာပေါ့ဗျာ။ ကျန်တဲ့ဟာကိုလည်း ကျနော်တို့က ဥပဒေစိုးမိုးရေးအတွင်းက ပွင့်လင်းမြင်သာမှုနဲ့ အောက်ခြေပြည်သူများရဲ့ ပါဝင်စောင့်ကြည့်မှု ၊ လွှတ်တော်ကလည်း စောင့်ကြည့်မှုဆိုရင်တော့ အဂတိတရားကတော့ ကျနော်ထင်တယ် အတော်ကြီးကို လျှော့နည်းသွားမှာပါ။ လျော့နည်းအောင်လည်း ကျနော်တို့လုပ်ပါ့မယ်။

ဒေါ်ခင်စိုးဝင်း။ ။ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဒေါက်တာ သန်းမြင့်။ ။ ကောင်းပါပြီခင်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG