သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IIMM နဲ့ဆွေးနွေးမှုပေါ် ဒေါက်တာဆာဆာနဲ့ ဆက်သွယ်မေးမြန်းချက်


Dr. Sa Sa
Dr. Sa Sa

{{Zawgyi/Unicode}}
CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ကုသမဂ္ဂရဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမူဆိုင်ရာယန္တယား (IIMM) အကြီးအကဲနဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ကနေတဆင့် မနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တာက၊ အရေးပါတယ်လို့ CRPH ကုလကိုယ်စားလှယ်က ဆိုပါတယ်။ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက၊ နိုင်ငံတကာမှာတရားဝင်အရေးပါတဲ့ IIMM အဖွဲ့အတွက်၊ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာပြစ်မူမြောက် ကျူးလွန်မူ ၃ သိန်းနီးပါးကို၊ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပြောပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။
ဝင်းမင်း ။ ။ အခုဆွေးနွေးပွဲရဲ့ အရေးပါပုံကို ဒေါက်တာဆာဆာက အခုလိုစရှင်းပြပါတယ်။

ဒေါက်တာဆာဆာ ။ ။ ဒါကတော့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အသိအမှတ်ပြု ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုတော့၊ ဒါ အင်မတန်မှ အရေးကြီးတယ်။ အခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ပြဿနာက မြန်မာနိုင်ငံပြဿနာလို့ ပြောပေမဲ့လည်း၊ ကမ္ဘာရဲ့ပြဿနာဖြစ်လာပြီ။ ဒါကြောင့်မို့ စစ်ဗိုလ်ချုပ်တွေ ရက်စက်မူနဲ့ သတ်ဖြတ်မူနဲ့ ဒီ Atrocities (အကြမ်းဖက်ကျူးလွန်မူ)၊ Crime Against Humanity (လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မူ)၊ Human Rights Violations (လူ့အခွင့်အရေးချိုးဖောက်မူ) တွေအားလုံးက၊ ကမ္ဘာအတွက် အရေးကြီးထားတဲ့ဥစ္စာဖြစ်တယ်ဆိုတော့၊ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တရားဝင်ငှားထားတဲ့ Legal Team (ဥပဒေအကျိုးဆောင်အဖွဲ့) ကနေပြီးတော့၊ ဒီ Volterra Fietta၊ Law Firm (ဥပဒေအဖွဲ့) ဥပဒေပညာရှင်အဖွဲ့ကနေပြီးတော့၊ ဒီ IIMM အဖွဲ့သာမက၊ နိုင်ငံတကာမှာရှိတဲ့၊ ဒီလို ရာဇဝတ်မူနဲ့ပတ်သက်ပြီးတော့ လုပ်နိုင်တဲ့၊ ပြောနိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့လည်း၊ ကျွန်တော်တို့ ကိုယ်စားဆက်သွယ်ဖို့ရန်အတွက်၊ ကျွန်တော်တို့ပြောတဲ့အတိုင်းပဲ၊ သူတို့က ဒါကို အစည်းအဝေးကို လုပ်ခြင်းဖြစ်ပါတယ်။

ဝင်းမင်း ။ ။ အဓိက ဘာတွေဆွေးနွေးခဲ့လဲ၊ ကိုယ့်ဘက်ကလေ။

ဒေါက်တာဆာဆာ ။ ။ ကျွန်တော်တို့ အဓိကကတော့၊ ဒီ စစ်ဗိုလ်ချုပ်တွေက၊ ရက်စက်မူ သတ်ဖြတ်မူ၊ အမူပေါင်းက၊ ကျွန်တော်တို့လက်ထဲမှာ အခုဆိုရင် ၂၇၅၀၀၀ ကျော်နေပြီနော်၊ ၃ သိန်း က မကြာခင်မှာဖြစ်တော့မှာ။ စစ်ဗိုလ်ချုပ်တွေက ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေပြီးတော့၊ ဒီနေ့ ဧပြီလ ၈ ရက်နေ့အကြားမှာပေါ့နော်၊ ရက်ပေါင်း ၇၀ နီးပါး အတောအတွင်းမှာ၊ သူတို့ကျူးလွန်တဲ့ အမူပေါင်းက ၃ သိန်းနီးပါး ရှိပြီ။ ဒါက၊ နိုင်ငံတကာစာမျက်နှာမှာ၊ ပြစ်မူအနေနဲ့ယူဆနိုင်တဲ့ ပြစ်မူပေါင်းက၊ အဲ့လောက်အထိများနေပြီဆိုတာဟာလည်း၊ စစ်ဗိုလ်ချုပ်တွေက၊ ကောင်းကောင်း သူတို့ နားလည်ဖို့တော့ လိုပါလိမ့်မယ်။

ဝင်းမင်း ။ ။ ဒီအထောက်အထားတွေရဲ့ ခိုင်လုံမူကိုရော ဘယ်လို ရှင်းပြချင်လဲ။

ဒေါက်တာဆာဆာ ။ ။ ကျွန်တော်တို့က ဒါ အမူတွေအားလုံးကို အခုဆိုရင်တော့ မြေပုံနဲ့တကွ၊ ဒါဟာဘယ်သူက လုပ်ပါတယ်၊ ဒါဟာလုပ်ပါတယ်ဆိုတာ၊ ပထဝီမြေပုံ၊ ကျွန်တော်တို့ Google ကုမ္ပဏီကနေပြီးတော့၊ ချိတ်ဆက်ပြီးတော့၊ အင်္ဂလန် (ဗြိတိန်) နိုင်ငံမှာရှိတဲ့၊ ကျွန်တော်တို့အဖွဲ့အစည်း ၅ ဖွဲ့ကနေပြီးတော့၊ မြေပုံကို၊ ဥပမာဆိုရင် ရန်ကုန်မှာဆိုရင်တော့၊ ဘယ်လမ်းလဲ၊ ဘယ်အိမ်လဲ၊ အမူက ဘယ်မှာဖြစ်သလဲကအစပေါ့၊ လောင်ဂျီတွဒ်၊ လတ္တီတွဒ်၊ နောက်ဖြစ်တဲ့အချိန်၊ ဖြစ်တဲ့နာရီ၊ ဖြစ်တဲ့သူနဲ့ ဖြစ်တဲ့နေရာက အစပေါ့နော်၊ လုံးဝလိမ်ညာလို့မရအောင်၊ ကျွန်တော်တို့ Satellite (ဂြိုလ်တု) ကနေပြီးတော့၊ ဒါတွေအားလုံးဟာဆိုလို့ရှိရင်လဲ၊ ကျွန်တော်တို့က ဆွဲထားပြီးသားဖြစ်ပါတယ်။ အခု၊ လူပေါင်း ၅၈၃ ယောက် သတ်လိုက်ပြီနော်၊ ဒီအာဏာသိမ်းစစ်ကောင်စီက။ အဲ့ဒီလူပေါင်း ၅၈၃ ယောက်၊ အားလုံးကို သူတို့နာမည်ကအစ၊ သူတို့ဘယ်နေရာမှာ သတ်သလဲ၊ ဘယ်လိုသတ်သလဲ၊ ကျွန်တော်တို့မှာ အကုန်လုံး Record (မှတ်တမ်း) ရှိပြီးသားဖြစ်တယ်ဆိုတော့၊ အင်မတန်မှ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ဖြစ်သွားပါတယ်။

ဝင်းမင်း ။ ။ အဲ့ဒီအပေါ်မှာ ဒီ IIMM အဖွဲ့ကရော၊ ဘယ်လိုအကြောင်းပြန်ခဲ့တာရှိလဲ။

ဒေါက်တာဆာဆာ ။ ။ ဒါကတော့ ကျွန်တော်တို့အနေနဲ့က Detail (အသေးစိတ်) ကိုတော့ ဒါတွေကိုတော့ ထုတ်ဖော်ပြောလို့ မရပါဘူး။ ဒါကတော့ ကျွန်တော်တို့ ဒီဘက်က ငှားထားတဲ့ နိုင်ငံတကာ ဥပဒေပညာရှင်အဖွဲ့အစည်းနဲ့၊ သူတို့ ဒီ စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်း တွေ့ဆုံပွဲဖြစ်နေတဲ့အတွက်ကြောင့်၊ ဒါတွေအားလုံးဟာလည်း ကျွန်တော်တို့ Detail (အသေးစိတ်) နဲ့ ဆွေးနွေးလို့၊ ဒီလို မရတာလည်း အပိုင်းလည်း၊ နားလည်ပေးပါ။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာကတော့၊ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မူရှိသမျှကို ကျွန်တော်တို့က၊ လျို.ဝှက်လို့မရအောင်၊ သူတို့ လုံးဝလျို.ဝှက်လို့မရအောင်၊ ကမ္ဘာကသိသွားအောင်၊ ကျွန်တော်တို့က ကြေညာသွားမှာဖြစ်ပါတယ်။ ဘယ်လောက်ရက်စက်ပါကြောင်းနဲ့၊ မြန်မာပြည်သူလူထုကို ဘယ်လောက် နှိပ်စက်ပြီးတော့၊ ညစ်ပတ်ပြီးတော့၊ လူမဆန်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ၊ လူမဆန်တဲ့အလုပ်ကို၊ ဘယ်လောက်ထိ ကျုးလွန်ခဲ့သလဲ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေပြီးတော့၊ ဆိုတော့ ဒါကို သက်သေအထောက်အထားနဲ့ ကျွန်တော်တို့က၊ ကမ္ဘာကိုပြမှာဖြစ်ပါတယ်။ ကမ္ဘာလို့ပြောတဲ့အခါမှာ၊ နိုင်ငံတကာရာဇဝတ်မူခုံရုံးပေါ့၊ ICC ပေါ့။ ပြီးတော့ ဒါဟာလည်း ကျွန်တော်တို့က၊ ICC လမ်းကြောင်း တစ်ခုထဲမဟုတ်ဘူး။ ဒါကို ကျွန်တော်တို့က Lobby (စည်းရုံးတာ) နဲ့ Advocacy (အကြံပြုတာ) လုပ်တဲ့နေရာတိုင်းမှာ၊ ဆက်ပြီးတော့ အသုံးပြုသွားမှာဖြစ်ပါတယ်။

ဝင်းမင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာဆာဆာ။

....................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG