သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ နေ ရပ်ပြန်ရေး အလှမ်းဝေးဆဲ


KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမှာ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ညီလာခံပြုလုပ်ပြီး၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေး ကြိုးပမ်းနေကြပေမဲ့ ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက်တော့ နေရပ်ပြန်ရေး အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ကချင်ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Dr. Samson Hkalam ဟာ ကချင်ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေကို ရှင်းပြဆွေးနွေးဖို့ အခု ဝါရှင်တန်ဒီစီကို ရောက်နေပါတယ်။ ကချင်ဒုက္ခသည်တွေအနေနဲ့ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့ စစ်မက်ဖြစ်နေတဲ့ နှစ်ဘက်စလုံးက အာမခံချက် ခိုင်ခိုင်မာမာ ပေးနိုင်ဖို့ လိုမယ်လို့ Dr. Samson Hkalam က ဗွီအိုအေကို ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

“IDP တွေရဲ့ Resettlement Program တွေပေါ့နော်။ Pilot Project ဆိုပြီးတော့မှ ရွာ ၄ ရွာကို ရွေးပြီး ပြန်ခိုင်းမယ့်ကိစ္စတွေမှာ ကျနော်တို့ IDP တွေရဲ့ဆန္ဒမပါဘဲနဲ့ လုပ်လာတာမျိုးဖြစ်ခဲ့လို့ရှိရင် စိုးရိမ်ဖွယ်ရာ ရှိတယ်ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးပါတယ်။”

မေး။ ။ ဆန္ဒမပါဘဲနဲ့ အခုက အတင်းပြန်ပြီးတော့ နေရာတွေ ရွှေ့ခိုင်းနေလို့လား။
ဖြေ။ ။ “အခုတော့ အတင်း မရွှေ့ခိုင်းပေမဲ့လည်း အဲ့လိုအခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ကျနော်တို့ မြင်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျနော်တို့ ဒီ IDP တွေရဲ့ စိတ်နေသဘောထားကို ကျနော်တို့က အသေးစိတ် နားလည်တယ်။ စစ်တပ်တွေက ကျေးရွာတွေမှာ တနေ့ထက်တနေ့ များလာတော့ IDP တွေက ဘယ်လိုမှ ပြန်ဖို့ စိတ်ထဲမှာ ဆုံးဖြတ်ချက် မချနိုင်ဘူး။ ကျနော်တို့က အဲ့ဒါကို စိုးရိမ်ပြီးမှ အဲ့ဒီကိစ္စနဲ့ လာပြီးမှ ဒီမှာ တွေ့ဆုံပြောဆိုခြင်းဖြစ်ပါတယ်။”

မေး။ ။ အခု ကျနော်တို့ သိရသလောက် ကချင် KIO အဖွဲ့အစည်းနဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေ ရှိပါတယ်ခင်ဗျ။ ဆွေးနွေးနေတဲ့ အလားအလာက ဒီ ကချင်ဒုက္ခသည်တွေဘက်ကရော ဘယ်လိုများ မြင်လဲ။ အခြေအနေကောင်းလာနိုင်လား။ ပြန်ဖို့အတွက် အလားအလာတွေ ရှိနေပြီလား။
ဖြေ။ ။ “ကျနော်ထင်တာတော့ ဒီဆွေးနွေးပွဲက တကယ်လို့ Nationwide Ceasefire ဖြစ်ရင်တောင်မှ IDP တွေ ပြန်ဖို့ကိစ္စကတော့ တော်တော့်ကို ဆွေးနွေးရဦးမယ်လို့ ကျနော် ထင်ပါတယ်။”

မေး။ ။ ဘာတွေ အခက်အခဲဖြစ်နေလို့လဲခင်ဗျ။ ဒုက္ခသည်တွေပြန်ဖို့အတွက် ဘာတွေများ အခက်အခဲရှိလို့လဲ။
ဖြေ။ ။ “ဒီ ကြောက်စိတ်တွေပေ့ါဗျာ။ လွန်ခဲ့တဲ့ ၂ နှစ်ကာလအတွင်းမှာ ပစ်ခတ်မှုတွေ၊ သေကြေမှုတွေ၊ ရက်စက်မှုတွေ၊ နောက် ခံရတဲ့ ဒီအတွေ့အကြုံလေးတွေက အဲ့ဒီဒုက္ခသည်စခန်းမှာရှိတဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒါကတော့ အမြဲတမ်း ကျန်ရစ်နေကြတယ်။ ဒါကြောင့်မို့လို့ Nationwide Ceasefire ဖြစ်လာရင်တောင်မှ စစ်တပ်ရဲ့ တပ်ဆုတ်မှုပေါ့နော် မူလဒေသရင်းကို ပြန်ပြီးမှ မသွားရင်တော့ ရွာကလူတွေကတော့ ပြန်ရဲမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ အဲ့လိုပဲ ထင်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အခုက ကချင်ဒုက္ခသည်တွေ အခုလိုမျိုး စိုးရိမ်စိတ်ဖြစ်နေတာတွေ၊ ကြောက်ရွံ့မှု ဖြစ်နေတာတွေ၊ ဒီအခြေအနေနဲ့ ပတ်သက်လို့ရော KIO ကရော ဘယ်လိုများ ဖြေရှင်းပေးနိုင်မလဲ။ KIO က လာတွေ့ပြီးတော့ စကားပြောတာ ရှိပါသလား။
ဖြေ။ ။ “KIO ကတော့ မြစ်ကြီးနားကို ရောက်တဲ့အချိန်မှာတော့ Government Control Area မှာရှိတဲ့ Camp တွေကို သူတို့လာပြီးမှ ပြောပြတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော် ထင်ပါတယ်။ KIA က ပြောပြပေမဲ့လည်း ခုနပြောတဲ့အတိုင်း ယုံကြည် စိတ်ချလောက်တဲ့ မျက်မြင်သက်သေပေါ့ IDP တွေ မတွေ့သ၍ကတော့ သူတို့ရဲ့စိတ် လုံခြုံမှု ရမယ်လို့တော့ ကျနော် မထင်ဘူး။”

မေး။ ။ ဟုတ်ကဲ့ မျက်မြင်ကိုယ်တွေ့ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ပြောတာလဲခင်ဗျ။
ဖြေ။ ။ “ဥပမာ - ကိုယ်ပြန်မယ့်ရွာမှာ တပ်စခန်းတွေ မရှိတော့ဘူးဆိုတဲ့ ဒါ မျက်မြင်သက်သေပေါ့ဗျာ။”

မေး။ ။ တပ်စခန်းဆိုတာက မြန်မာတပ်စခန်းပြောတာလား။ KIA ဘက်က တပ်စခန်းကို ပြောတာလား။
ဖြေ။ ။ “အဲ ဟုတ်တယ်။ မြန်မာတပ်စခန်းရော၊ ဒီ KIA တပ်စခန်းရောပေ့ါ။”

မေး။ ။ အခု ဒီ ဒုက္ခသည်တွေက ဘယ်လောက်လောက်ရှိပါသလဲခင်ဗျ။
ဖြေ။ ။ “အစိုးရ Control Area မှာ ၃ သောင်းနီးပါးရှိပါတယ်။ နယ်စပ်ဒေသတလျှောက်မှာတော့ ၆ သောင်းကျော် ၇ သောင်းနီးပါးရှိပြီးမှ တောထဲတောင်တွေထဲမှာ ရောက်နေတဲ့သူကတော့ ၂ ထောင်ကျော် ၃ ထောင်နီးပါးရှိပါတယ်။”

မေး။ ။ ဒီအစိုးရထိန်းချုပ်ထားတဲ့ နေရာတွေမှာရှိတဲ့ ဒုက္ခသည်တွေကိုတော့ ကုလသမဂ္ဂက ကူညီပေးနိုင်တယ်။ တခြားထွက်ပြေးနေရတဲ့ တောတောင်ထဲမှာ ပုန်းအောင်းနေရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ရော ဘယ်သူများ အကူအညီပေးလေ့ရှိပါသလဲ။
ဖြေ။ ။ “ကျနော်တို့ KBC ကနေ တိုက်ရိုက် အဲ့ဒီနေရာတွေကို သွားရောက်ပြီးမှ ကူညီပံ့ပိုးပေးနေပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အဲ့ဒီလိုသွားတဲ့နေရာမှာရော အခက်အခဲ အတားအဆီးတွေ၊ အနှောင့်အယှက်ပေးတာမျိုးတွေ ကြုံရပါသလား။
ဖြေ။ ။ “ယခင်ကတော့ ရှိပါတယ်။ ယခင်ကတော့ ဒီအစိုးရတပ်တွေကတော့ ခွင့်ပြုချက်တွေ အဆင့်ဆင့် ယူရတာပေါ့။ အခုလည်း အဲ့ဒီ ထောက်ခံချက်တွေနဲ့ပဲ ကျနော်တို့ သွားနေရပါတယ်။”

မေး။ ။ အခု KIO အဖွဲ့အစည်းနဲ့ မြန်မာအစိုးရနဲ့ စကားပြောနေတယ်၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဆွေးနွေးနေတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရော ဒုက္ခသည်တွေကြားထဲမှာ နောက် ဒုက္ခသည်ကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ Samson တို့လို လူမျိုးတွေပေါ့ ဘယ်လောက်ထိ ယုံကြည်အားထားမှု ရှိပါသလဲ။ ဒီဆွေးနွေးပွဲတွေကို။
ဖြေ။ ။ “ကျနော်ကတော့ ဒီ UNFC လိုင်ဇာလုပ်နေတဲ့ အစည်းအဝေးကတော့ ကျနော်တို့ ဒီတိုင်းရင်းသားများရဲ့ ခြေလှမ်းအသစ်တခုလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ပင်လုံညီလာခံတုန်းကလိုပေါ့ တိုင်းရင်းသားတွေရဲ့ စုစည်းမှုရတဲ့ အင်အားတခုလို့ပဲ မြင်ပါတယ်။ အဲ့ဒီအင်အား ရရှိတဲ့အဖြေကို ကျနော်တို့ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဝန်ကြီး ဦးအောင်မင်းတို့ရဲ့ Response ကတော့ ဘယ်လိုလာမလဲတော့ ဒါ စောင့်ကြည့်ရဦးမှာပေါ့။”

နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ Samson Hkalam ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG