သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု အရေးကြီးဟု KIA ဆို


KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ် ဗွီအိုအေ (မြန်မာပိုင်း) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းချိန် - 04-21-2014
KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ် ဗွီအိုအေ (မြန်မာပိုင်း) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းချိန် - 04-21-2014
မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်အကြား နှစ်ဘက် တိုက်ပွဲတွေ လျှော့ချဖို့ သဘောတူညီမှု ရရှိထားတဲ့ကြားက မြန်မာစစ်တပ်ဘက် က ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေဟာ ငြိမ်းရေးဆွေးနွေးမှုတွေအတွက် ယုံကြည်မှုကို လျော့ကျစေတယ်လို့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားလိုက်ပါ တယ်။

ဒါ့အပြင် မြန်မာခေါင်းဆောင်ပိုင်းအကြား ဖက်ဒရယ်စနစ်ကို လက်ခံလိုတဲ့ ဆန္ဒရှိပုံ မရဘူးလို့ သူ့အနေနဲ့ မြင်တဲ့အကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ဟာ အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂအရာရှိတွေ၊ အမေရိကန်နိုင်ငံမှာ ရောက်နေကြတဲ့ ကချင်တိုင်းရင်းသားတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ တိုင်းရင်းသားအရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး ကိစ္စတွေကို တင်ပြ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က ဗွီအိုအေ မြန်မာပိုင်းနဲ့ ပြုလုပ်တဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးမှုမှာတော့ ကချင်ပြည်နယ်အတွင်း လတ်တလော မြန်မာအစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက လက်ရှိ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ယုံကြည်မှုကို ထိခိုက်စေတဲ့အကြောင်း ဗိုလ်ချုပ်ဂွမ်မော်က အခုလို စပြောပါတယ်။

“တဘက်နဲ့တဘက် ဆွေးနွေးနေတဲ့အပေါ်မှာ ယုံကြည်မှုတွေကို အများကြီး ဟို လျော့သွားစေပါတယ်။ တကယ်တော့ ဒီဆွေးနွေးနေတဲ့ အခြေအနေမှာကော နောက် ကျနော်တို့က မြစ်ကြီးနားမှာ အောက်တိုဘာလမှာ ဒီအစိုးရကိုယ်စားလှယ်များနဲ့ KIO ကိုယ်စားလှယ်များက နှစ်ဘက်တိုက်ပွဲတွေကို လျှော့ချဖို့ဆိုတာ ကတိကဝတ်တွေလည်း ရှိပါတယ်။ အဲ့ဒီတော့ ဒီဆွေးနွေးပွဲတွေမှာကော ဒီကတိတွေ ရှိနေရင်းနဲ့လည်း အခုလို တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဒီဆွေးနွေးမှုအပေါ်မှာ အများကြီး အနှောင့်အယှက် ပေးနိုင်ပါတယ်။ အဓိကကတော့ ဒီတဘက်နဲ့တဘက် ကတိတွေအပေါ်မှာ အပြန်အလှန် စောင့်ထိန်းဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု တည်ဆောက်ရေးကတော့ ဆက်တိုက်လုပ်ရမှာပါ။ အဲတော့ ဒီတိုက်ပွဲတွေ တခါလုပ်လိုက်တိုင်း အရင်တည်ဆောက်ထားတဲ့ ယုံကြည်မှုဟာ တော်တော် လျော့သွားပါတယ်။”

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရရှိပြီလို့ ယူဆလို့ မရနိုင်ကြောင်းနဲ့ သဘေတူ လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စနစ်နဲ့ ပတ်သက်လို့ မြန်မာခေါင်းဆောင်တွေအကြား ဘယ်လို သဘောထားမျိုးရှိတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကိုလည်း ဗိုလ်ချုပ် ဂွမ်မော်က အခုလို ရှင်းပြပါတယ်။

“အဓိကကတော့ ဒီဖက်ဒရယ်ကို လက်မခံချင်ဘူးလို့ပဲ မြင်ပါတယ်။ နားမလည်တာတော့ မဖြစ်နိုင်ပါဘူး။ လက်မခံချင်တာပဲ ဖြစ်ပါလိမ့်မယ်။ ပြည်သူလူထုအားလုံးကတော့ ဖက်ဒရယ်ကို လက်ခံတယ်လို့ပဲ ကျနော် နားလည်တယ်။ အခု ကျနော်တို့ NCCT ကနေ ရေးဆွဲတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှာ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့နောက်ပိုင်း ဆွေးနွေးမှုမှာ ဒီဖက်ဒရယ်ကို ဆွေးနွေးဖို့ တင်ပြထားတယ်။ အစိုးရဘက်က ပြန်ပြီးရေးဆွဲတဲ့ text ထဲမှာတော့ ဖက်ဒရယ်ဆိုတဲ့စကားလုံး တနေရာမှာမှ သုံးမထားတာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကို အစိုးရက လက်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ပထမအချက်က တိုင်းရင်းသားများ တောင်းဆိုနေတာက တိုင်းရင်းသားများကို နားလည်ပြီးတော့ အသိအမှတ်ပြုပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်။ ဒါ ပထမအချက်ပေါ့။ ဒုတိယအချက်ကတော့ ဒီလက်တွေ့ ညှိနှိုင်းတဲ့အပေါ်မှာ အခြေခံယူဆချက်တွေ အများကြီး ကွာခြားမှုရှိပါတယ်။ အဓိကနှစ်ချက်ကို ဒီလိုပဲ ပြောချင်ပါတယ်။”

တဆက်တည်းမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်အားဖြင့် ဖက်ဒရယ်စနစ်ပုံစံ ပေါက်တယ်လို့ ယူဆလို့ ရနိုင်ပေမဲ့လည်း လက်တွေ့မှာ အဲဒီလို မဟုတ်ဘူးဆိုတာကို ထောက်ပြ ပြောဆိုပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို တချို့ပညာရှင်တွေက ဖက်ဒရယ်ပုံစံ ဖွဲ့စည်းပုံ ဖြစ်တယ်လို့ပြောတယ်။ ဇယားအရ format အရ အခြေခံယူဆလို့ ရချင်ရမှာပါ။ သို့သော်လည်းပဲ ဒီအထဲမှာပါဝင်တဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေ၊ အာဏာခွဲဝေမှုတွေအရ ဆိုလို့ရှိရင် ကျနော်တို့တွေက ဒီဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် ပုံမဖော်နိုင်ဘူးလို့ပဲ မြင်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှု မရှိတဲ့အပေါ် အပြင်မှာ ထောက်ပြ ပြောဆိုမှုတွေ ရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခြင်း ရှိ မရှိ ဆိုတာ မေးတဲ့အခါ -

“KIO ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့ မဖိတ်ဖို့ ဆိုတာထက် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုး ပါဖို့အတွက်က စီမံချက်တွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ပါဝင်သင့်တယ်လို့လည်း KIO က ခံယူပါတယ်။ တိုင်းရင်းသားတွေရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ပြတာမျိုးတော့ မတွေ့ရသေးဘူး။ သို့သော်လည်းပဲ ဒီတိုင်းရင်းသားများအရေးကို NLD လို ဒီပါတီကြီးတွေကတော့ သူတို့ လက်ခံလိမ့်မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်။”

ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကချင်ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့ လိုလားကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောတာကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးသားဖော်ပြကြသလို၊ မြန်မာအစိုးရဘက်က စစ်ရေးအရ ဖိအားပေးရင် တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးမှာ မဟုတ်တဲ့အကြောင်း အမေရိကန်ရောက် ကချင်နဲ့ ချင်း မိသားစုတွေနဲ့ စနေနေ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG