သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီးစဉ်


အစိုးရပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
အစိုးရပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
နယူးယောက်အခြေစိုက် ICG လို့ခေါ်တဲ့ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ကို ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုကို သမ္မတကိုယ်စား လက်ခံရယူဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၂ ရက်နေ့က ဆုပေးပွဲအပြီးမှာ ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိလာခဲ့ပါတယ်။ အဖွဲ့ရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်လို့ အဖွဲ့မှာ လိုက်ပါလာတဲ့ လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ဗွီအိုအေ ဝိုင်းတော်သားတဦးဖြစ်တဲ့ ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ ဝန်ကြီး သမ္မတဦးသိန်းစိန်ကို ဒီ Pursuit of Peace Award ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့သူအနေနဲ့ ဆုပေးတဲ့ပွဲကို ဝန်ကြီးတို့ လာတယ်လို့ ကျနော်တို့ သိရပါတယ်။ ဆိုတော့ ဒီဆုချီးမြှင့်တာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးရဲ့ အမြင် သဘောထားလေး အရင် သိပါရစေခင်ဗျ။

ဖြေ။ ။ “ကျနော်တို့ အဓိက လာတာကတော့ လန်ဒန်နဲ့ မြောက်အိုင်ယာလန်ကိုလေ ငြိမ်းချမ်းရေးကိစ္စ၊ ဒီဘက်ကလုပ်တဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ ယူဖို့ အဲ့ဒီကိစ္စနဲ့ လာတာခင်ဗျ။ လာရင်းနဲ့ ဒီဘက်မှာလည်း ဒီနေ့မှာပေါ့ ICG ပေးတဲ့ဆုကို ကျနော်တို့ သမ္မတကြီးက လက်ခံယူဖို့ ရှိတဲ့အခါကျတော့ ကျနော်တို့အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက သမ္မတကြီးကိုယ်စား ယူဖို့ တက်ကြတာပါ။ သူတို့က ရေးထားတာတော့ In Pursuit of Peace ဆိုတော့ အဲ့ဒါနဲ့ ပတ်သက်လို့ ပေးတဲ့သဘောပဲပေါ့။”

မေး။ ။ ဟုတ်ကဲ့။ ပထမတုန်းက သမ္မတကြီးကိုယ်တိုင် လာမယ်လို့ ကျနော်တို့ သိထားပါတယ်။ သမ္မတကြီးကိုယ်တိုင် မလာဖြစ်တဲ့ အကြောင်းရင်းက ဘာများပါလိမ့်ခင်ဗျာ။

ဖြေ။ ။ “ကျနော်တော့ တိတိကျကျ မသိဘူး။ သို့သော်လည်း ကျနော်တို့ လာခါနီးလေးမှာ သမ္မတကြီးက တရုတ်ပြည်ခရီးစဉ်လေးကို သွားနေတာရှိတယ်လေ။ ကျနော်တို့ထွက်မယ့်နေ့နဲ့ တရက်စောပြီးတော့ပဲ သမ္မတကြီးက တရုတ်ပြည်က ပြန်ရောက်ပါတယ်ခင်ဗျ။ အဲ့လိုခရီးစဉ် ပျက်တာလည်း ဖြစ်နိုင်ပါတယ်ခင်ဗျ။ အဲ့ဒါတော့ ကျနော် အတိအကျ မသိပါဘူး။”

မေး။ ။ ဒီဆုချီးမြှင့်တာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ ဝန်ကြီးတို့လည်း နယူးယောက်မှာ ဆန္ဒပြသူတချို့နဲ့ ကြုံခဲ့ရတယ်လို့ ကျနော် သိထားပါတယ်။ ဒီဝေဖန်သံတွေအပေါ်မှာရော ဝန်ကြီးအနေနဲ့ ဘယ်လိုများ သဘောထား မှတ်ချက်ပေးလိုပါသလဲ။

ဖြေ။ ။ “အဲ ဝေဖန်သံတွေတော့ ကျနော်က ကျကျနန မကြားသေးဘူးလေ။ ဒီအပေါ်မှာတော့ ကျနော် မှတ်ချက် မပေးလိုဘူး။ ကျနော်တို့ နယူးယောက်မှာ နေတုန်းက ဆန္ဒပြတယ်ဆိုတာက ကျနော်တို့ အဲ့ဒီမှာ Civil Society တွေ မြန်မာအဖွဲ့အစည်းတွေနဲ့ တွေ့တာပါခင်ဗျ။ အဲ့ဒီဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင်ကိုက ကျနော်တို့နဲ့ တက်ပြီးတော့ ဆွေးနွေးပါတယ်။ အဓိကကတော့ သူက ကျနော်တို့ ဆန္ဒပြတာကို ဘာပြမှန်း ကျနော် မသိဘူးပေါ့လေ။ အောက်ကို ဆင်းလာတော့ ဆိုင်းဘုတ်တွေမှာ တွေ့တာတော့ တချို့ ဖမ်းထားတဲ့ ကလေးတွေ လွှတ်ပေးရေး ဆိုပြီးတော့ ဘယ်တုန်းက ဘယ်ကလေးတွေ ဘယ်လို ဖမ်းသလဲ သေချာ မသိဘူးပေါ့ဗျာ။ အဲ့ဒီကိစ္စကို ဆန္ဒပြတာ အဓိကဖြစ်ပါတယ်။”

မေး။ ။ နောက်တခုကတော့ ဝန်ကြီးတို့ ဒီကို ရောက်တဲ့အချိန်မှာ အမေရိကန် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ ရှိတယ်လို့ ကျနော်တို့ အဲ့ဒီလို နားလည်ထားပါတယ်။ အမေရိကန် တာဝန်ရှိသူတွေနဲ့ အဓိက ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆွေးနွေးပွဲတွေရဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့ရော ဘာများပြောလိုပါသလဲ။

ဖြေ။ ။ “ကျနော် အဓိက အင်္ဂလန်ဘက်က စရမှာပေါ့ဗျာ။ ကျနော်တို့ အင်္ဂလန်တို့ မြောက်အိုင်ယာလန်တို့တော့ ကျနော်တို့ စောစောက ပြောသလို ဗြိတိသျှအစိုးရနဲ့ IRA နဲ့ ငြိမ်းချမ်းရေး Process တွေ ဆောင်ရွက်ခဲ့တဲ့ဟာတွေ။ ကျနော်တို့နိုင်ငံမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ငြိမ်းချမ်းရေး စကားပြောတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေကြတာကိုး။ ဒီဘက်မှာရှိတဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ အတုယူစရာများ ရှိမလား။ အတွေ့အကြုံတွေ ဖလှယ်တဲ့ သဘောနဲ့ အဲ့ဒီ အင်္ဂလန်နဲ့ အိုင်ယာလန်မှာတော့ ဒီကိစ္စတွေကို ဆောင်ရွက်ခဲ့တဲ့ သဘောပါပဲ။ အမေရိကန်မှာလည်း ကျနော်တို့ နိုင်ငံအတွက် လိုအပ်တဲ့ကိစ္စ အ၀၀ပေါ့ဗျာ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေ စသည်ဖြင့် ဒီလိုကိစ္စတွေကို အဓိကထားပြီး တာဝန်ရှိသူ အဆင့်ဆင့်နဲ့ ဆွေးနွေးသွားကြတာ ဖြစ်ပါတယ်။”

မေး။ ။ လေ့ကျင့်ရေးဆိုတဲ့နေရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ လေ့ကျင့်ရေးကိစ္စတွေ ဘာတွေရော ဆွေးနွေးတာမျိုး ရှိပါပြီလား။

ဖြေ။ ။ “ဆွေးနွေးပါတယ်။ ဆွေးနွေးပါတယ်။ ကျနော်တို့ နယူးယောက်မှာလည်း ဆွေးနွေးပါတယ်။ ဝါရှင်တန်ဒီစီမှာလည်း ကျနော်တို့ ဆွေးနွေးပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ကြီးကို ခေတ်မှီတိုးတက်တဲ့ တပ်ဖွဲ့ကြီးတခု ဖြစ်လာအောင်၊ တကယ့် လုံခြုံရေးမှာ အရေးပါတဲ့ တပ်ဖွဲ့ကြီးတခု ဖြစ်လာအောင် ဘယ်လို အသုံးပြုရမယ် ဆိုတာကစပြီး ရဲတပ်ဖွဲ့ လေ့ကျင့်ရေးဆိုင်ရာ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ကျနော်တို့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ပါတယ်။”

မေး။ ။ အမေရိကန်တာဝန်ရှိသူတွေဘက်ကရော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ခုနပြောတဲ့ အဆင့်မှီ နိုင်ငံတကာ အဆင့်မှီတဲ့ ရဲတပ်ဖွဲ့ကြီး ဖြစ်လာအောင် လေ့ကျင့်ပေးဖို့အတွက် အမေရိကန် တာဝန်ရှိသူတွေဘက်က အကူအညီပေးဖို့ စသည်အားဖြင့် အဲ့ဒီ ကတိကဝတ်တွေကိုရော ရပါပြီလားခင်ဗျ။

ဖြေ။ ။ “မှန်ပါတယ်ခင်ဗျ။ ကျနော်တို့ ရဲတပ်ဖွဲ့မှာလည်း သက်ဆိုင်ရာ သူ့ဟာနဲ့သူ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ ရှိပြီးသားပါခင်ဗျ။ ခုန ကျနော်ပြောသလို နိုင်ငံချင်း knowledge sharing လုပ်တဲ့သဘော၊ လေ့ကျင့်ရေးတွေ ဖလှယ်တဲ့သဘော ဖြစ်ပါတယ်။ ကျနော်တို့ဘက်က လိုလိုလားလား ရှိသလို၊ အမေရိကန်အစိုးရကလည်း ဒါတွေနဲ့ပတ်သက်လို့ လိုလိုလားလားရှိတာ တွေ့ရပါတယ်ခင်ဗျ။”

မေး။ ။ နောက်တခုပါပဲ ဝန်ကြီး။ ဝန်ကြီးက ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း ပါတယ်။ အခု အင်္ဂလန်နဲ့ အိုင်ယာလန်မှာလည်း သူတို့ဆီက ငြိမ်းချမ်းရေး ရယူခဲ့ပုံတွေကို လေ့လာဆွေးနွေးခဲ့တယ် ဆိုတဲ့အခါကျတော့ ကျန်နေသေးတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ပြီးတော့ ငြိမ်းချမ်းရေး ရဖို့ အလားအလာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးအနေနဲ့ ဘယ်လောက်အထိ အကောင်းမြင် မျှော်လင့်ချက် ရှိထားပါပြီလဲခင်ဗျ။

ဖြေ။ ။ “ကျနော့်ဘက်က ကျနော်ဟာ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်လည်းဖြစ်တယ်။ မြန်မာ့ ငြိမ်းချမ်းရေး peace center ရဲ့ အဖွဲ့ဝင်လည်းဖြစ်တယ်။ နောက် ကျနော်ကိုယ်တိုင်လည်း အထူးသဖြင့် ကရင်ပြည်နယ်မှာ ထဲထဲဝင်ဝင် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော့်ရဲ့ သဘောဆိုတာ တကယ့် မြေပုံမှာ တွေ့တဲ့ဟာတွေပါ။ ကျနော်တို့ ငြိမ်းချမ်းသွားပါပြီ။ အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ထဲက ကျနော်တို့ ၁၀ ဖွဲ့နဲ့က ကျနော်တို့ အပစ်အခတ် ရပ်စဲနိုင်တဲ့ အဆင့်ရောက်ပြီ။ ကျနော်တို့ KIA/KIO နဲ့ကလည်း ၂ ကြိမ် ဆွေးနွေးပြီးပြီ။ မြေပြင်မှာလည်း တိုက်ပွဲတွေ မရှိတော့ဘူး။ အခု ဒီက ပြန်သွားရင်လည်း ဦးအောင်မင်းတို့အဖွဲ့က ထပ်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါလည်း ကျနော်တို့က ကျိမ်းသေ အောင်မြင်မယ့်ကိစ္စ ဖြစ်ပါတယ်။ ကျနော့်ရဲ့သဘော၊ ပြည်သူပြည်သားတွေရဲ့ သဘောကို ကိုယ်စားပြု ပြောရမယ်ဆိုရင် ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေးကို ကျိမ်းသေရပါမယ်။”

မေး။ ။ အဲ့ဒီအချိန်အတွင်းမှာပဲ ရှမ်းပြည်ဘက်မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်တဲ့အသံ ကျနော်တို့ ကြားနေရပါတယ်။ အဲ့ဒီအခြေအနေနဲ့ ပတ်သက်လို့ကရော ဘယ်လို ဖြေရှင်းဆောင်ရွက်ဖို့ ရှိပါသလဲ။

ဖြေ။ ။ “အဲ့ဒီလို နည်းနည်းပါးပါးလေး ထိတွေ့တာတွေတော့ ရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ အောက်မှာက ဟို လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်နေကြတယ်လေ။ ဖြစ်နေကြတဲ့အခါကျတော့ ကိုယ့်ရဲ့ အုပ်ချုပ်မှုကိစ္စတွေ၊ စစ်ရေးဆိုင်ရာ လုံခြုံရေးဆိုင်ရာကိစ္စတွေ သွားရင်းလာရင်းနဲ့ အောက်ခြေအဆင့်ဆိုတာက သူ့စည်း ကိုယ့်စည်းပေါ့ နေရာကလည်း ဒီမှာ တည်ရှိနေတဲ့ တပ်တွေကို အကျအန ပြန်ပြီး နေရာချရမယ့်အဆင့်ကို မရောက်သေးဘူး။ အဲ့ဒီအတွက်ကြောင့် မှားယွင်းပစ်ခတ်မှုတွေ ဒါမျိုးတွေလည်း ရှိတတ်ပါတယ်။ အကျအဆုံး အထိအခိုက်ကတော့ မကြားပါဘူးခင်ဗျ။ မရှိပါဘူး။”

ကျေးဇူးတင်ပါတယ်ခင်ဗျ။
XS
SM
MD
LG