သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေး အမြဲတန်း အတွင်းဝန် ဦးအောင်လင်းနှင့် မေးမြန်းခြင်း


နိုင်ငံခြားရေးဝန်ကြီးဌာန website စာမျက်နှာ
နိုင်ငံခြားရေးဝန်ကြီးဌာန website စာမျက်နှာ

အခုလာမယ့် အစိုးရအဖွဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူ မှာဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာန အနေနဲ့ လာမယ့်နိုင်ငံခြားရေးဝန်ကြီးသစ်အတွက် လုပ်ငန်းဆိုင်ရာ ရှင်းလင်းမှုတွေ လုပ်ဖို့ ပြင်ဆင်ထားပြီး၊ နိုင်ငံခြားရေးဝန်ကြီးသစ်ရဲ့ မူဝါဒအတိုင်း နိုင်ငံခြားရေးဌာနဝန်ထမ်းတွေဖက်က အကောင်အထည်ဖော် သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ဦအောင်လင်းက ဗွီအိုအေ သီးခြား ဆက်သွယ်မေးမြန်းမှုမှာ ပြောခဲ့ပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းကို ဆက်သွယ်မေးမြန်းထားတာပါ။

“ဒေါ်ခင်စိုးဝင်း။ ။ နိုင်ငံခြားရေးဌာနရဲ့ အမြဲတန်းအတွင်းဝင် တယောက်အနေနဲ့ပေါ့နော် အခုလာမယ့်အစိုးရ အသစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့ သတင်းထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် တာဝန်လွှဲပြောင်ယူရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေများပြင်ဆင်ထားတာရှိပါသလဲရှင့်။

ဦးအောင်လင်း။ ။ ဝန်ကြီးဌာနမှာရှိတဲ့ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းအသီးသီးကို တင်ပြဖို့ ကျနော်တို့ဆောင်ရွက်ထားတာရှိပါတယ်။ ဒါ့အပြင်ကို ဒီဝန်ကြီးဌာနအသီးသီး ကနေပြီးတော့ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးအသစ် တာဝန်ယူတဲ့အခါကျရင် ဝန်ကြီးကို တင်ပြပြီးတော့ ဘာဆက်လုပ်မလဲဆိုတဲ့ လမ်းညွှန်မှုခံယူဖို့အတွက် ကိစ္စတွေကိုလည်း ကျနော်တို့ပြင်ဆင်ထားတာရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဒီအတောအတွင်း မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုယ်တိုင် လာပြီးတော့များလေ့လာဖို့ ရှိပါသလားရှင့်။

ဦးအောင်လင်း။ ။ ပြည်ထောင်စုဝန်ကြီးတွေအနေနဲ့ တာဝန် ယူမယ့်ဝန်ကြီးများအနေနဲ့ သက်ဆိုင်ရာ သူတို့တာဝန်ယူမယ့် ဝန်ကြီးဌာနတွေကို သွားပြီးတော့ ကြည့်ရူ့ဖို့လည်း ပြောထားတာတွေရှိတယ်။ ရှိတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ထားပါဆိုပြီးတော့ ကျနော့်ကို လက်ရှိပြည်ထောင်စုဝန်ကြီးကနေပြီးတော့ ပြောထားတာတော့ရှိပါတယ်။ အကယ်၍ ပြည်ထောင်စုဝန်ကြီးသစ်ကို တာဝန်ယူမယ့် ပုဂ္ဂိုလ်တဦးကနေပြီးတော့ ကျနော်တို့ရုံးကို လာမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ကြိုဆိုဖို့ အဆင်သင့် ပြုလုပ်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။မနက်ဖြန် ဆိုရင် သမ္မတ ၂ ဦး တာဝန်အလွှဲအပြောင်း လုပ်မယ့်အခန်းအနားရှိပါတယ်။ ညဘက်မှာလည်း ညစာစားပွဲတွေနဲ့ ဧည့်ခံဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဧည့်ခံပွဲအတွက်ကော ဒီသံတမန်တွေဖိတ်ကြားဖို့ အရေးနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုများဆောင်ရွက်ထားတာရှိပါသလဲရှင့်။

ဦးအောင်လင်း။ ။ အခုလက်ရှိ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်ကနေပြီးတော့ လက်မှတ်ထိုးပြီးတော့ ကော်မတီဖွဲ့ထားတဲ့ ကြေညာချက်ကိုကျနော်တွေ့မိပါတယ်။ အဲဒီကော်မတီအတွင်းမှာတော့ ဦးဆောင်တာကတော့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးဝန်ထမ်း သံအမတ်ကြီးဟောင်း ဦးကျော်တင့်ဆွေ ဖြစ်ပါတယ်။ဒီကော်မတီဟာဆိုရင် တာဝန်ယူမယ့်အစိုးရသစ်နဲ့ နီးစပ်စွာအလုပ်လုပ်ပြီးတော့ ဖိတ်ကြားမယ့်သူစာရင်းတွေ၊ အစီအစဉ်တွေ နောက်ပြီးတော့ ညစာစားပွဲမှာ ပါဝင်မယ့် အစီအစဉ်တွေ ညစာစားပွဲမှာ တည်ခင်းဧည့်ခံမယ့် အစားအစာနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက် ထားတယ်လို့ ကျနော်သိရပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ရော ဒီကော်မတီကနေတာဝန်ပေးတဲ့ အပိုင်းကို ကျနော်ဆက်လုပ်နေပါတယ်။ တာဝန်ပေးတဲ့အပိုင်းဆိုတာကလည်း တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ထားတဲ့ သံရုံးအကြီးအကဲတွေကို ဒီညစာစားပွဲမှာ ဖိတ်ကြားဖို့ကိစ္စတွေရယ် နောက်ပြီးတော့ ၃၀ ရက်နေ့မှာ ပြည်သူ့လွှတ်တော် မှာပြုလုပ်မယ့် အခမ်းအနားတွေမှာ တက်ရောက်ဖို့အတွက် ဖိတ်ကြားဖို့ကိစ္စတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဝန်ကြီး ဌာနကမှ ထုတ်တယ်လို့ ကျနော်သိရပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။အခုလာမယ့်အစိုးရသစ် မှာပေါ့နော် နိုင်ငံခြားရေးဝန်ကြီး ပြည်ထောင်စု ဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်မယ့်သူအနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ကြုံရနိုင်တယ်လို့ ယူဆပါသလဲရှင့်။

ဦးအောင်လင်း။ ။အစိုးရသစ်မှာ တာဝန်ယူမယ့် ပြည်ထောင်စုဝန်ကြီး ကနေပြီးတော့ နိုင်ငံခြားရေး မှုဝါဒကို ချမှတ်ပေးမှာဖြစ်ပါတယ်။ နိုင်ငံခြားရေး မှုဝါဒကို ကျနော်တို့အနေနဲ့ နိုင်ငံခြားရေးဝန်ထမ်းတွေအနေနဲ့ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စတွေကတော့ ဒေသဆိုင်ရာ ကိစ္စတွေဖြစ်တဲ့ အာဆီယံ ကိစ္စတွေ ၊ နောက်ပြီးတော့ နိုင်ငံတကာကိစ္စဖြစ်တဲ့ ကုလသမ္မဂမှာ မြန်မာနိုင်ငံရဲ့အခန်း ကဏ္ဍတွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ဖို့ရှိပါမယ်။ ဒါ့အပြင်ကို မြန်မာနိုင်ငံကို မကြာခင်ပေါ့လေ လာပြီးတော့ အလည်ရောက်လိုပါတယ်လို့ ကမ်းလှမ်းထားတဲ့ နိုင်ငံခြားက အထင်ကရ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ ဒီအထင်ကရ ပုဂ္ဂိုလ်ကိစ္စတွေကို ကျနော့်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ်ကို တင်ပြဖို့ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

ဦးအောင်လင်း။ ။ ကျေးဇူးတင်ပါတယ်။”

XS
SM
MD
LG