သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD စည်းကမ်းထိမ်းသိမ်းရေး ဗဟိုအဖွဲ့ခေါင်းဆောင်နဲ့ ဆက်သွယ်မေးမြန်းချက်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က NLD ပါတီဝင်တွေ ပြည်သူတွေနဲ့ ဆက်ဆံရေးမပြေပြစ်တာ ဒီမိုကရေစီ မဆန်တာ စည်းကမ်းဖောက်ဖျက်တာ စသဖြင့်ပြည်သူတွေ အပါအဝင် ပါတီဝင်အချင်းချင်းကပါ တိုင်ကြားမှု ရှိလာရင် NLD က ချမှတ်ထားတဲ့ ပါတီစည်းကမ်းတွေ ဖောက်ဖျက်မှု ရှိမရှိ စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူ သွားမှာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဦးဉာဏ်ဝင်းဦးဆောင်ပြီး ဦးဝင်းထိန် က အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ၉ဦးပါ ဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်းကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

"ဦးဉာဏ်ဝင်း။ ။ ကျနော်တို့ ပါတီစည်းကမ်းတို့ ၊ အထက်အဖွဲ့အစည်းက ညွှန်ကြားချက်တို့ အဲဒီစည်းကမ်းတွေကို မလိုက်နာတဲ့ဟာတွေကို ကျနော်တို့ Enquiry လုပ်တာပါ။ သူတို့ စည်းကမ်းဖောက်ဖျက်ရင်လုပ်မှာပါ။ စည်းကမ်းဖောက်ဖျက်တာမရှိရင်တော့ ဘာမှလုပ်စရာမရှိဘူး။ ဒါက ဒီနေ့ဖွဲ့တယ်ဆိုတာက အရင်ကတည်းကလည်း ရှိပြီးသားပါ အင်အားတွေလျှော့နေလို့ ပြန်ဖြည့်တင်းတာပါ။

မေး။ ။ ဟုတ်ကဲ့ အဲဒီတော့ အဓိက ပါတီဝင်တွေဆိုတဲ့နေရာမှာ လွှတ်တော်အမတ်တို့ အစိုးရအဖွဲ့တွေ တို့ အဲဒီအဖွဲ့ဝင်တွေရော ပါပါသလား။

ဦးဉာဏ်ဝင်း။ ။ ပါပါတယ် အားလုံးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ကိစ္စဆိုရင် ကျနော်တို့ မပါဘူးပေါ့နော် ဒါက ပါတီကိစ္စကို ။ ကိစ္စက လွှတ်တော်တို့ အုပ်ချုပ်ရေးတို့ဆိုတာ သပ်သပ်စီရှိတာကို ။ ကျနော်တို့ကတော့ ဒါပါတီပဲ လေ ပါတီစည်းကမ်းပေါ့ ။

မေး။ ။စည်းကမ်းဖောက်ဖျက်မှုက အန်ကယ်တို့ စုံစမ်းသိရှိတဲ့ဟာကို အရေးယူမှာလား ဒါမှ မဟုတ် တိုင်တန်းတဲ့သူရှိရင် အရေးယူမှာလား။ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူပါသလဲ။

ဦးဉာဏ်ဝင်း။ ။ အဓိကတော့ တိုင်ကြားတဲ့ဟာကို အရေးယူမှာ။

မေး။ ။အခုလောလောဆယ် NLD ထဲမှာရော တိုင်ကြားထားတဲ့ အမှုတွေ စုံစမ်းစစ်ဆေးနေတဲ့ အနေအထားတွေရော ၇ှိပါသလား ဘယ်ဟာတွေ ကအများဆုံးဖြစ်ပါသလဲ။

ဦးဉာဏ်ဝင်း။ ။ ရှိပါတယ် ရာဂဏန်းလောက်တော့ရှိတယ်ခင်ဗျ။ အခုလက်ရှိပေါ့ ပြီးတာတွေ တော့ ပြီးပါပြီခင်ဗျ။ ကျန်နေသေးတာက ရာဂဏန်းလောက်တော့ ရှိပါတယ်။

မေး။ ။ဟုတ်ကဲ့ရှင့် အဓိကတော့ ပါတီဝင်အချင်းချင်းတိုင်တာလား ပြည်သူတွေက တိုင်တဲ့သဘောမျိုးလား ဘယ်လိုပုံစံမျိုးတွေနဲ့ပါသလား။

ဦးဉာဏ်ဝင်း။ ။ ပါတီဝင်အချင်းချင်းတိုင်တာလည်းရှိတယ်၊ ပြည်သူတွေက တိုင်တာလည်းရှိတယ်

မေး။ ။ဘယ်လိုပုံစံမျိုးတွေကို တိုင်တာ များပါသလဲရှင့်။

ဦးဉာဏ်ဝင်း။ ။ စည်းကမ်းနဲ့ မညီဘူးပေါ့နော်၊ လုပ်တာ ဒီမိုကရေစီမဆန်ဘူးပေါ့နော် ဆက်ဆံရေးမပြေပြစ်တာတို့

မေး။ ။ဟုတ်ကဲ့ အဲဒီတွေနဲ့ ပတ်သက်ပြီးတော့အန်ကယ်တို့ ရပ်ကျေးလူငယ်ကနေ စပြီး မြို့နယ်တိုင်းလူငယ် အထိ အဆင့်ဆင့်ပေါ့နော် အယ်ကယ်တို့ အဖွဲ့အောက်မှာ တခြားအဖွဲ့တွေရော ရှိဦးမလား။

ဦးဉာဏ်ဝင်း။ ။ ကျနော်တို့ မြို့နယ်အထိတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေရှိတယ်။ မြို့နယ် ရပ်ကျေးအထိရှိတယ်

မေး။ ။အန်ကယ်အခု အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိမှာ ဒီလောက် စည်းကမ်းခိုင်မာတဲ့ အဖွဲ့တွေလည်း ဖြစ်လာအောင်လို့ဆိုပြီးတော့ ဘယ်လိုများရှေ့ဆက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ်တွေရှိပါသလဲ။

ဦးဉာဏ်ဝင်း။ ။ ကျနော်တို့ကတော့ ဒါကို အင်အားဖြည့်တဲ့အတွက် ပိုပြီးတော့ အလုပ်လုပ်နိုင်တာပေါ့။ ပိုပြီးတော့ အလုပ်လုပ်နိုင်တော့ Case တွေကို အမြန်ဆုံးစစ်နိုင်တယ်။ စစ်ဆေးမှုကိုလည်း အရှိန်မြင့်တာပေါ့နော် လူအင်အားကောင်းတော့ အင်အားမကောင်းရင်တော့ ကြာတာပေါ့နော်။

မေး။ ။နောက်ဆုံးပါ အန်ကယ် ဒီကနေပြီးတော့ စည်းကမ်းဖောက်ဖျက်တဲ့ ပါတီဝင်တွေကို သိရှိလာတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်ပါသလဲရှင့်။

ဦးဉာဏ်ဝင်း။ ။ အဲဒါကတော့ ကျတော်တို့ သတိပေးတာ ပြင်းထန်စွာ သတိပေးတာ ၊ နောက်ပြီးတော့ တာဝန်ယာယီရပ်ဆိုင်းတာ အချိန်ကန့်သတ်ပြီးတော့ ရပ်ဆိုင်းတာ နောက်အမျိုးမျိုးရှိပါတယ်။

မေး။ ။ဒီအစိုးရအဖွဲ့ ၀န်ကြီးအပြောင်းအလဲတွေရှိတာ နောက်ပြီး ၀န်ကြီး ဒုဝန်ကြီးတွေ နောက်ပြီးတော့ သက်ဆိုင်ရာ ၀န်ကြီးတွေရဲ့ အပြောင်းအလဲတွေကရော ဒီစည်းကမ်းထိန်းသိမ်းရေး ကော်မတီ ရဲ့ စုံစမ်းစစ်ဆေးချက်နဲ့ တိုက်ရိုက်သက်ဆိုင်မှုတွေရှိပါသလား

ဦးဉာဏ်ဝင်း။ ။ မဆိုင်ပါဘူး ကျနော်တို့က ပါတီအနေနဲ့ပဲ အပြစ်ပေးတာ ဒီအုပ်ချုပ်ရေးကိစ္စမှာ ကျနော်တို့ မပါပါဘူး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်းကို မဆုမွန်က ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG