သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၇၄ နှစ်အရွယ် ရှေ့နေ ဦးကျော်လှအောင် စစ်တွေထောင်က ပြန်လွတ်


မနေ့က စစ်တွေထောင်ကနေ လွတ်မြောက်လာတဲ့ MSF ဝန်ထမ်းဟောင်း ရှေ့နေ ဦးကျော်လှအောင်ကတော့ လူမျိုးရေး၊ ဘာသာရေး၊ ကျား-မ ခွဲခြားမှုမရှိတဲ့ တရားဥပဒေစိုးမိုးရေး မြန်မာနိုင်ငံမှာ လိုအပ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

လွတ်လာပြီးနာရီပိုင်းအတွင်း မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတော့ သူက အခုလို စပြောခဲ့ပါတယ်။

ဖြေ။ ။ “ကျနော့်ကို စက်တင်ဘာ ၂၆ ရက်နေ့က ၁ နှစ်ခွဲထောင်ဒဏ်ချလိုက်တယ်။ ကျနော့်ကိစ္စ ရှေ့နေနဲ့ အယူခံ၊ ပြည်နယ်လွှတ်တော်ကို အယူခံတွေ ဘာတွေတင်တယ်။ ဒါပေမဲ့ ဒီ ၇ ရက်နေ့က ဘာထွက်လဲဆိုတော့ အစိုးရက သမ္မတရုံးက ထောင်ထဲမှာ နေပြီးတော့ ၆ လကျန်တဲ့သူတွေပေါ့ ဥပမာ - ၁ နှစ်ကျော်နေခဲ့ရမယ်။ ၆ လ ကျန်ရမယ်။ အဲ့လိုလူတွေ လွှတ်ရမယ်ဆိုပြီးတော့ ကျနော်က အဲ့ဒါနဲ့ လွတ်တာပါ။ ဒါပေမဲ့ ကျနော်တို့က လက်မှတ်ထိုးခဲ့ရတယ်။ ၄၀၁ - ၄၀၁ ကို ကျနော်တို့ လက်မှတ်ထိုးရတယ်။ နောက်အမှုဖြစ်ရင် အခုကျန်တဲ့ပြစ်ဒဏ်တွေပါ ကျနော်တို့က ခံရမှာ။ အဲ့လိုမျိုး လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့ကို လွှတ်ပေးလိုက်တာ။”

မေး။ ။ အဲတော့ ဟုတ်ကဲ့အန်ကယ်လ် အခု မြင်ရတဲ့အခြေအနေ၊ လွတ်လာတဲ့အခြေအနေ အန်ကယ်လ့်အမြင် ပြောပြပေးပါဦး။

ဖြေ။ ။ “အခု လွတ်တာက ကျနော်တို့ကို စိစစ်တယ်လေ။ စိစစ်ပြီးမှ ကျနော်တို့ကို ၇ နာရီလောက်မှာ သူတို့အကျဉ်းဦးစီးဌာနကားနဲ့ ဘူမေရွာအထိ ပို့ပေးတယ်။ ပို့ပြီးတော့ ကျနော်က သက်ကယ်ပြင်မှာနေတယ်။ ကျန်တဲ့သူတွေကဆိုရင် မြို့ထဲမှာလေ။ ၂၀၁၂ ခုနှစ်မှာ ဖျက်ပစ်လိုက်တယ်ဆိုတော့ ကျနော်က အခု သက်ကယ်ပြင်မှာ ရောက်နေတယ် မိသားစုက။ ဆိုတော့ အဲ့ဒီမှာပဲ ကျနော်တို့ကားကြိုတယ်။ ကြိုတဲ့ကားနဲ့ပဲ ကျနော် အိမ်ကိုရောက်တယ်။ ရောက်ပြီးတော့ အခု မိသားစုနဲ့အတူ ရှိပါတယ်။”

မေး။ ။ ဟုတ်ကဲ့ ဆိုတော့ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့ ထောင်ထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးတွေရော ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ “ထောင်ထဲမှာကောင်းပါတယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ထားပါတယ်။ တအား သူတို့က လေးလေးစားစား ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ရှေ့နေတယောက်ဖြစ်တယ်။ နောက်တခုက ကျနော် နေမကောင်းဘူး။ အသက်ကလည်း ကြီးပြီဆိုတော့ အဲ့ဒီထောင်ပိုင်က တအား ကျနော့်ကို ဂရုစိုက်တယ်၊ ကျန်းမာရေးကိုလည်း ဆရာဝန်တွေက ဂရုစိုက်တယ်။”

မေး။ ။ ဟုတ်ကဲ့ အန်ကယ်လ့်ကို ချခဲ့တဲ့ ပုဒ်မနဲ့ပတ်သက်ပြီးတော့ရော ရှင်းပြပေးလို့ရမလား။

ဖြေ။ ။ “ဖမ်းတဲ့အချိန်မှာ ကျနော်က အစည်းအဝေးခေါ်ပြီးတော့ သူတို့ကို ခဲနဲ့ပေါက်ခိုင်းတယ်ဆိုပြီး အဲ့လိုမျိုး သူတို့ဘက်က စွဲချက်တင်တယ်။ ၁၄၈/၁၅၀၊ ၃၉၅ အဲ့ဒီမှာ --- ပုဂ္ဂိုလ် အရာရှိတယောက်မှာ တယ်လီဖုန်းပျောက်သွားတယ်။ အဲ့ဒါတွေကို ၃၉၅ အဲ့ဒါတွေနဲ့ စွဲတာပါ။ ဒါပေမဲ့ ကျနော့်အမှုမှာနေပြီးတော့ အရင်ကတည်းက ဖမ်းထားတဲ့ ဦးကျော်မင်းနဲ့ သူ့သားကိုလေ လာပြီးတော့ တရားခံ ထည့်ပစ်လိုက်တယ်။ ထည့်ပစ်လိုက်တယ်ဆိုတော့ ကျနော်က ရှေ့နေမငှားနိုင်ဘူး။ ရှေ့နေမငှားနိုင်ဘူးဆိုတာက ဒီစစ်တွေမှာရှိတဲ့ ရှေ့နေတွေဆိုတာက ကျနော့်တို့ရဲ့ အမှုတွေကို မလိုက်ဘူး။ မလိုက်ဆိုတော့ ဦးကျော်မင်းတို့ ပထမအမှုကို ရန်ကုန်ကနေ သူတို့ငှားတဲ့ ရှေ့နေက လိုက်တယ်ဆိုတော့ အဲ့ဒီရှေ့နေကပဲ ဒီအမှုကိုလည်း လိုက်ပေးတယ်။ ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်ပါ။ လိုက်ပေးတယ်ဆိုတော့ ဦးကျော်မင်းတို့က အမှုနံပါတ် ၃၆ မှာ လွတ်သွားတယ်။ ဇွန်လ ၂၀ ရက်နေ့ကတည်းက လွတ်သွားတယ်။ ဒီအမှုမှာကျတော့ သူတို့ မလွတ်နိုင်ဖြစ်နေတယ်။ ကျနော်နဲ့ ၂၆ ရက်နေ့မှာ ကျနော်တို့ကို တရားသူကြီးက ပုဒ်မ ၁၄၇/၁၅၀ နဲ့ ၁ နှစ်ခွဲချလိုက်တယ်။ အဲ့ဒီ ပုဒ်မ ၁၄၇/၁၅၀ မှာက စုစုပေါင်းထောင်ဒဏ် အများဆုံးမှ ၂ နှစ်ပဲရှိတယ်။ ၁ နှစ်ခွဲချလိုက်တယ်ဆိုတော့ ကျနော်တို့မှာ ကျန်တာက ၃ လလောက်ပဲကျန်တယ်။ ဦးကျော်မင်းတို့သားအဖမှာဆိုရင် ၄ လလောက်ပဲကျန်တယ်။ ဆိုတော့ အဲ့လိုမျိုးဖြစ်တာပါ။ ဆိုတော့ ဒီ အနည်းဆုံး ၆ လထဲမှာ ကျနော်တို့ ဝင်သွားတာပေ့ါ။ ဝင်သွားတဲ့အခါ ကျနော်တို့ ဒီနေ့ လွတ်လာတာပါ။”

မေး။ ။ ဟုတ်ကဲ့ အန်ကယ်လ်ကိုယ်တိုင်လည်း ရှေ့နေဖြစ်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဥပဒေရေးရာကိစ္စတွေမှာ အန်ကယ်လ့်ရဲ့ သုံးသပ်ချက်လေးပေါ့နော် ပြောပေးလို့ရမလားရှင့်။

ဖြေ။ ။ “အဲ့ဒါတွေသာ ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ။ ဥပဒေစိုးမိုးရေးက သိပ်မရှိပါဘူး။ အန်ကယ်လ်လည်း တရားရုံးမှာ ဝန်ထမ်းတယောက်အနေနဲ့ လုပ်ခဲ့ပါတယ်။ အန်ကယ်လ်က ၁၉၆၁ ကနေပြီးတော့ အန်ကယ်လ်က စပ်ရှင်မင်းကြီးလုပ်တာ အဆက်ဆက် လုပ်ခဲ့တယ်။ အဲ့ဒီတုန်းကဆိုရင် တရားဥပဒေမှာ လူမျိုးရေးခွဲခြားမှုမရှိဘူး။ အသက်အရွယ် ခွဲခြားမှု မရှိဘူး။ ယောကျာ်း မိန်းမ ခွဲခြားမှု မရှိဘူး။ အခုကျတော့ လူမျိုးရေးခွဲခြားမှုက တအားကို များတယ်ဆိုတော့ကာ တရားဥပဒေစိုးမိုးမှု မရှိဘူးပေါ့။”

XS
SM
MD
LG