သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်


ရခိုင်ပြည်နယ် မောင်တောခရိုင်မှာရှိတဲ့ မူဆလင် လူမှုအသိုင်းအဝိုင်းအနေနဲ့ ကလေး ၂ ဦးပဲ ယူရမယ်ဆိုတဲ့ ဒေသန္တရအမိန့်ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်တာဟာ တဘက်စောင်းနင်း ကျပြီးတော့ ပကတိအခြေအနေတွေကို မသိလို့ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင် ကို ဒီအမိန့် ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒီဥစ္စာက အခုမှ ထွက်တဲ့ဥစ္စာ မဟုတ်ဘူး။ ၉၂၊ ၉၃၊ ၉၄ လောက်ကတည်းက ရှိနေခဲ့တဲ့ အမိန့်လို့ ပြောပါတယ်။ အဲ့ဒီဥစ္စာတွေကို အကောင်အထည်ဖော်တာက UN အဖွဲ့အစည်းနဲ့ AZT ဆိုတဲ့ INGO အဖွဲ့တွေပါခင်ဗျ။ သူတို့ အကောင်အထည်ဖော်တယ်။ ၉၂၊ ၉၃၊ ၉၄ ကစပြီး အကောင်အထည်ဖော်တာ အခု ရခိုင်အရေးအခင်း ဖြစ်တဲ့အချိန်မှာ ပြန်ကြည့်တော့ လူဦးရေက အင်မတန် များပြားလာပါတယ်။ သူတို့ကတော့ သားဆက်ခြား အောင်မြင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူဦးရေ ပေါက်ဖွားနှုန်းက တအားများတဲ့အတွက် အခုလို ပြဿနာဖြစ်လာတဲ့အခါ ရခိုင်ကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း အကြံပြုထားတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့ အကောင်အထည် ဖော်တဲ့သဘောမျိုးနဲ့ ဒေသန္တရအမိန့်နဲ့ ထုတ်တာပါခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ၉၂၊ ၉၃ တုန်းက ထုတ်တဲ့အမိန့်က ဒီအစိုးရအနေနဲ့ ထုတ်ပြန်တာလား။ အမိန့်လား ဥပဒေလား အဲ့ဒါက။

ဖြေ။ ။ “အမိန့်ပါပဲခင်ဗျ။ ဒေသန္တရအမိန့်လို့ ခေါ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောတစ်ခုတည်းပါပဲ။ ကျန်တဲ့ နေရာတွေတောင် မပါပါဘူး။”

မေး။ ။ ဟုတ်ကဲ့။ အခု ရခိုင်အစိုးရကနေပြီးတော့ ထုတ်လိုက်တဲ့သဘောကရော အမိန့်လား ဥပဒေလား။

ဖြေ။ ။ “အမိန့်လို့ ပြောပါတယ်ခင်ဗျ။ ဥပဒေအပိုင်းမှာတော့ ကျနော်တို့က သိပ်နားမလည်ပါဘူး။ ဒီဥစ္စာက အရင်တုန်းက ရှိခဲ့တဲ့ဟာကို ပြန်ပြီးတော့ တည်မြဲအောင် အမိန့်ထုတ်တာပါပဲခင်ဗျ။ ပြည်နယ်အစိုးရအနေနဲ့တောင် မဟုတ်ပါဘူးခင်ဗျ။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဲ့ဒီမှာကိုင်တဲ့ နကစအဖွဲ့ကနေပြီး ထပ်ပြီး အတည်ပြုပြီး ထုတ်ပေးတာပါ။ အဲ့ဒီမောင်တောခရိုင် တစ်ခုတည်းပါပဲခင်ဗျ။”

မေး။ ။ ရခိုင်စုံစမ်းရေးကော်မရှင်ကနေပြီးတော့ အကြံပြုထားတဲ့အတိုင်းဆိုတာ ရခိုင်စုံစမ်းရေးကော်မရှင်ကရော ဒီကိစ္စနဲ့ပတ်သက်လို့ 2 Child Policy ဆိုပြီးတော့ပဲ အကြံပြုတာလား။

ဖြေ။ ။ “2 Child Policy လို့တော့ မပြောပါဘူးခင်ဗျ။ သူက ပထမစာမျက်နှာမှာတော့ ဒီလို လူဦးရေ ထိန်းချုပ်ဖို့ လိုတယ်။ အဲ့လို ထိန်းချုပ်တဲ့အခါမှာလည်း ကိုယ့်ဘာသာရေးအရ ကန့်ကွက်နိုင်တယ်။ ဒီလိုမျိုးလေး ဆိုထားပါတယ်။ ဒါပေမဲ့လည်း နောက်စာမျက်နှာမှာတော့ ရခိုင်တိုင်းရင်းသားတွေကလည်း တောင်းဆိုထားပါတယ်။ နောက်ပြီးတော့ အဲ့ဒီမှာ ဒီလို လူဦးရေ ထိန်းချုပ်တာလည်း အရင်ထဲက ရှိတဲ့အတွက် လုပ်သင့်ပါတယ်လို့ သူတို့က အဲ့ဒီမှာ အကြံပြုထားတာ ရှိပါတယ်။”

မေး။ ။ 2 Child Policy နဲ့ပတ်သက်ပြီးတော့ ရခိုင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပြန်ပြီး Review လုပ်နေတယ်ဆိုပြီးတော့ ပြောနေလို့ပါ။ အထက်ကရော ဘာများပြော

ဖြေ။ ။ “အဲ့ဒါကတော့ ကျနော် မသိဘူးခင်ဗျ။ ဒီဥစ္စာက ကျနော်တို့ ပြည်နယ် အစိုးရအနေနဲ့လည်း ထုတ်တာမဟုတ်ဘူး။ ဒေသန္တရအမိန့်ဆိုတာ သူတို့ ထုတ်ခွင့်ရှိတယ်လေ။ ရန်ကုန်မှာ ပုဒ်မ ၁၄၄ အစား ၁၈၈ ထုတ်တဲ့ပုံစံမျိုးပေါ့။”

မေး။ ။ အဲ့တော့ အဲ့ဒီအထဲမှာ ကလေး ၂ ယောက်အပြင် အမျိုးသမီး မိန်းမ တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ဟာမျိုးရော ပါပါသလား။

ဖြေ။ ။ “ပါပါတယ်ခင်ဗျ။ ဘာလို့လဲဆိုရင် သူတို့က ၄ ယောက် ယူတဲ့အခါကျမှ စောစောကလည်း ကျနော် ပြောပြီးပြီ။ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး သူ တာဝန်ထမ်းဆောင်စဉ်က အဲ့ဒီမှာ မေးတယ်။ ယောကျာ်းတစ်ယောက်က မိန်းမ ၄ ယောက်က တရားဝင်ယူတယ်။ တရားမဝင် မိန်းမတွေကလည်း ရှိတယ်။ အဲ့ဒီက မွေးလာတဲ့ ကလေးတွေနဲ့ အားလုံး မိသားစုပေါင်းလိုက်ရင် ၈၂ ယောက်ရှိတယ်။ အဲ့လိုမျိုး မိသားစု ၁၀ ဆိုရင် လူဦးရေ ဘယ်လောက်ရှိမလဲ။ အဲ့ဒါလေးတွေ ကျနော်တို့ ပြန်တွက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေကလည်း အဲ့ဒါကို စိုးရိမ်တဲ့အတွက် တောင်းဆိုခြင်း ဖြစ်ပါတယ်။ ဒါကလည်း မောင်တောတစ်ခုတည်းကို ကျနော်တို့က ဒေသန္တရအမိန့် ထုတ်တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော - မောင်တောခရိုင်ဆိုရင် ဘူးသီးတောင်၊ မောင်တော ပါပါတယ်ခင်ဗျ။”

မေး။ ။ အခု ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေ ထွက်လာပါတယ်ခင်ဗျ။ ဒါက ခွဲခြားဆက်ဆံတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဝေဖန်သံတွေ ထွက်လာပါတယ်။ ဒီဝေဖန်ချက်တွေအပေါ်မှာ ဦးဝင်းမြိုင်တို့ ဘာများ တုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ “သူတို့ကတော့ ဘယ်လို ဝေဖန် ဝေဖန်လေ။ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ရှိရင် အဲ့ဒီလူတွေက ဒီမှာ လာမကြည့်ဘဲနဲ့ ပြောတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ပြောမယ်လေ ၁၀ ပေပတ်လည် ရှိတဲ့အိမ်ထဲမှာ လူ ၂၀၊ ၃၀ ဘယ်လိုလုပ် နေမလဲ။ နောက်ပြီးတော့ အဲ့လိုမျိုး လူဦးရေ ပေါက်ဖွားနှုန်း များလာတဲ့အတွက် ဒီမှာ ရခိုင်တိုင်းရင်းသားတွေကလည်း စိုးရိမ်စိတ်တွေ များလာပါတယ်။ အဲ့ဒီအတွက် ရေရှည်အတွက် ကြည့်ပြီး ကျနော်တို့ နိုင်ငံတော်အနေနဲ့ ဒီလို အမိန့်ထုတ်ပြန်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။ အမိန့်ထုတ်တာကလည်း မြန်မာတနိုင်ငံလုံးကို ထုတ်တာလည်း မဟုတ်ဘူး။ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ထုတ်တာလည်း မဟုတ်ပါဘူး။ ဒီမောင်တောခရိုင်တစ်ခုတည်းကိုပဲ ထုတ်တာဖြစ်ပါတယ်။ အဲ့ဒါကိုမှ လူ့အခွင့်အရေးအဖွဲ့က ဒီလိုပြောတယ်ဆိုရင်တော့ ဒါ တဖက်သတ် စွပ်စွဲတယ်လို့ပဲ ကျနော် ထင်ပါတယ်။”
XS
SM
MD
LG