သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ပြန်ရုပ်သိမ်း


ချင်းပြည်နယ်မှာ တိုင်းရင်းသားညီလာခံ ကျင်းပနေသလိုပဲ ဒီလကုန်ပိုင်း မတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံတရပ်ကိုလည်း နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းတခုဖြစ်တဲ့ IPI - International Press Institute နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတော့ ကျင်းပဖို့ရှိပါတယ်။

ဒါပေမဲ့လည်း မကြာသေးခင်တုန်းက လက်ပံတန်းမှာ ကျောင်းသားဆန္ဒပြမှုကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းရာမှာ သတင်းသမားတွေပါ ရိုက်နှက် ဖမ်းဆီးခံရတာတွေ ရှိတဲ့အပေါ်မှာ မြန်မာနိုင်ငံ သတင်းသမားကွန်ယက် MJN ကနေ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေကို မပူးပေါင်းဘဲနဲ့ သပိတ်မှောက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ ရှိနေပါတယ်။ အစိုးရပြန်ကြားရေးဝန်ကြီးဌာန ပါဝင်ပတ်သက်နေတာကြောင့် အခုလာမယ့် IPI ညီလာခံကိုလည်း မတက်ရောက်ဘူးဆိုပြီးတော့ လှုံ့ဆော်နေမှုတွေ ရှိနေပါတယ်။

သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ တဆက်တည်း နောက်ထပ် တင်ပြချင်တာကတော့ အစိုးရကနေ လွှတ်တော်မှာ အဆိုပြုထားတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို အစိုးရကပဲ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ပြန်လည် ပြင်ဆင်ရေးဆွဲစရာတွေ ရှိနေတာကြောင့် အခုလို ရုပ်သိမ်းရတာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ က ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မအေးအေးမာ။ ။ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ပေ့ါနော် ဒီနေ့ ဒီ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကိုပေါ့နော် ဒီနေ့ လွှတ်တော်မှာ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒါ ဒီလို ရုပ်သိမ်းဖို့အတွက် ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲဆိုတာ အဲ့ဒါလေး သိချင်လို့ပါရှင်။

ဦးရဲထွဋ်။ ။ အချက် ၃ ချက်ပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ပြန်လည် ရုပ်သိမ်းပြီးတော့မှ ပြန်လည် သုံးသပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

  • ပထမတချက်ကတော့ ဒီဥပဒေကြမ်း တင်ထားပြီး တနှစ်ကျော် ကာလအတွင်းမှာ ရရှိလာတဲ့ ပြည်သူတွေရဲ့ ဝေဖန်အကြံပြုချက်တွေ၊ ဒါတွေကို ပြန်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။
  • ဒုတိယတချက်ကတော့ တနှစ်အတွင်းမှာ မီဒီယာတွေရဲ့ ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေတွေအရ ကျနော်တို့ ဒီဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုပြီလို့ ကျနော်တို့ မြင်ပါတယ်။
  • တတိယတချက်ကတော့ ဒီရှေ့မှာ တင်ထားပြီးတော့ အမျိုးသားလွှတ်တော်က အတည်ပြုပြီးတော့ ပြည်သူ့လွှတ်တော်ကို ပေးပို့ထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေ အဲ့ဒီဥပဒေမှာပါတဲ့ အချက်တွေက အတည်ပြုပြီးသွားလို့ရှိရင် အဲ့ဒီဥပဒေနဲ့အညီ လိုက်လျောညီထွေဖြစ်တဲ့ အများပြည်သူဝန်ဆောင်မှု မီဒီယာဖြစ်ဖို့ လိုတဲ့အတွက်ကြောင့်မို့ ကျနော်တို့ ဒီ ၃ ချက်ပေါ် မူတည်ပြီးတော့မှ ပြန်ရုပ်သိမ်းလိုက်တာပါ။

မအေးအေးမာ။ ။ ဟုတ်ကဲ့ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ဒီ စိုးရိမ်မကင်းဖြစ်မှုတွေပေါ့နော် ဝေဖန်မှုတွေအနေနဲ့ လျော့ကျသွားတာတွေလည်း ရှိနိုင်သလို၊ ဒီဥပဒေ အတည်မပြုနိုင်သေးဘူး ဆိုရင်ပေါ့နော် လာမယ့်ရွေးကောက်ပွဲမှာ အစိုးရအနေနဲ့ နိုင်ငံပိုင် မီဒီယာတွေကနေပြီးတော့ လိုအပ်တဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို အသုံးပြုနိုင်တယ်ဆိုပြီးတော့ စိုးရိမ်မကင်းတာတွေလည်း ရှိကြပါတယ်။ အဲ့တော့ ဒီပေါ်မှာရော ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုများ တုံ့ပြန်မလဲရှင့်။

ဦးရဲထွဋ်။ ။ အဲ့ဒီလိုပြောတဲ့သူတွေကတော့ အတော် အတွေးတိမ်တဲ့သူတွေလို့ပဲ ပြောရမှာပဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့မှာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုရင်တောင်မှ ဥပဒေပြုရေး လုပ်ငန်းစဉ်အရ အမျိုးသားလွှတ်တော်ကို သွားမယ်။ ပြီးရင် ပြည်သူ့လွှတ်တော်ကို ပြန်ပို့မယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်မှာ စဉ်းစားမယ်ဆိုတဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်ကြီးရဲ့ အချိန်ကာလကို ခင်ဗျားတို့ မှန်းကြည့်လို့ရပါတယ်။ ပြီးလို့ရှိရင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးလို့ရှိရင် ဥပဒေကြမ်းမှာ ပါတဲ့အတိုင်းဆိုရင် ပြင်ဆင်ရေးကာလပေါ့ အဖွဲ့စည်းတွေ ဖွဲ့စည်းတာ၊ နည်းဥပဒေထုတ်တဲ့အတွက် ပြင်ဆင်ရေးကာလ ၆ လ ပေးထားတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ အတည်ပြုရင်တောင်မှ ရွေးကောက်ပွဲမတိုင်ခင်မှာ အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေ ပေါ်ပေါက်ဖို့ မရှိပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ကဖြင့် ဥပဒေကို ရုပ်သိမ်းတာက ရွေးကောက်ပွဲနဲ့ ဘာမှ ပတ်သက်ခြင်း မရှိဘူးလို့ပဲ ပြောချင်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာ ဆက်သွယ် မေးမြန်းခဲ့တာပါ။

XS
SM
MD
LG