သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဥတ္တရလိုအပ်တဲ့အကူ ဗြိတိန်သံရုံးပေးမည်


အင်္ဂလန်ဆရာတော် ဦးဥတ္တရကို အာဏာပိုင်တွေ ခေါ်ဆောင်သွားစဉ်ညက။ (ဓာတ်ပုံ - အေပီ ခင်မောင်ဝင်း)
အင်္ဂလန်ဆရာတော် ဦးဥတ္တရကို အာဏာပိုင်တွေ ခေါ်ဆောင်သွားစဉ်ညက။ (ဓာတ်ပုံ - အေပီ ခင်မောင်ဝင်း)
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဗြိတိန်နိုင်ငံသား ဘုန်းတော်ကြီး ဦးဥတ္တရအတွက် လိုအပ်တဲ့ အကူအညီတွေကို ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးက လိုက်ပါဆောင်ရွက်ပေးနေပါတယ်။ ဦးဥတ္တရကို ဖမ်းဆီးမှုဟာ နိုင်ငံတကာ တရားဥပဒေ စံနှုန်းစံထားနဲ့ ကိုက်ညီမှု ရှိ မရှိကိုတော့ ဝေဖန်ပြောကြားဖို့ ရန်ကုန်အခြေစိုက် ဗြိတိသျှသံအရာရှိ Joe Fisher က ဗွီအိုအေ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။ Joe Fisher ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့ ဘာလုပ်ပေးနိုင်တယ် ဆိုတာကို အခုလို စတင်ဖြေကြားပါတယ်။

ဖြေ။ ။ “ကျနော်တို့ဟာ ဦးဥတ္တရကို ကိုယ့်နိုင်ငံသားတွေကို ပေးရမြဲ ကောင်စစ်ဝန်ဆိုင်ရာ အထောက်အကူတွေ ပေးနေပါတယ်။ အခုက ဦးဥတ္တရဟာ အင်းစိန်ထောင်မှာ ရှိနေပါတယ်။ သံရုံးက သက်ဆိုင်ရာဝန်ထမ်းတွေ မနေ့မနက်က သွားတွေ့ကြပါတယ်။ သူနဲ့ ၁ နာရီလောက်တွေ့ပြီး အခြေအနေကို ဆွေးနွေးပါတယ်။ အထောက်အကူတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။”

မေး။ ။ သူ့ကို ဘာကြောင့် ဖမ်းဆီးရတယ်၊ ဒါဟာ တရားဥပဒေနဲ့ ကိုက်ညီသလား၊ မညီဘူးလားဆိုတာကိုရော မေးခွန်းမထုတ်ဘူးလား။ စိန်မခေါ်ဘူးလားခင်ဗျ။
ဖြေ။ ။ “သူဟာ ဗြိတိန်နိုင်ငံသားတယောက်အနေနဲ့ ပြည်ပနိုင်ငံတခုမှာ အဖမ်းခံရတယ်ဆိုတော့ ကျနော်တို့အနေနဲ့ လုပ်နိုင်တာက ကောင်စစ်ဆိုင်ရာ အကူအညီ ပေးဖို့ပဲဖြစ်ပါတယ်။ ဆိုလိုတာက သူ့အနေနဲ့ တရားဥပဒေနဲ့အညီ အပြည့်အ၀ ခုခံချေပပိုင်ခွင့် ရှိရပါမယ်။ သူ့အနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ အားလုံး ရရပါမယ် ဆိုတာတွေကို အာဏာပိုင်တွေနဲ့ ပြောထားပါတယ်။ သောကြာနေ့ ရုံးထုတ်တဲ့အခါမှာလည်း သံရုံးဝန်ထမ်းတွေက တရားရုံးကို သွားပြီး စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ ကျနော်သိချင်တာက ဒီနေရာမှာ သူ့ကိုဖမ်းဆီးတဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေအဆင့်အတန်းနဲ့ ညီညွတ်သလား၊ ကိုက်ညီသလား၊ မညီသလားဆိုတာကို သိချင်တာပါ။
ဖြေ။ ။ “တရားဥပဒေနဲ့ပတ်သက်ပြီး အခုအချိန်မှာ ကျနော် မဝေဖန်နိုင်ပါဘူး။ သူ့အတွက် တရားဥပဒေနဲ့အညီ အပြည့်အ၀ ခုခံကာကွယ်ခွင့် ရဖို့ကိုပဲ ပြောနိုင်ပါတယ်။ နိုင်ငံတကာ ဥပဒေအဆင့်နဲ့အညီ ခုခံကာကွယ်ခွင့် ရှိရမှာဖြစ်ပါတယ်။ ဦးဥတ္တရမှာ ရှေ့နေရှေ့ရပ်တွေလည်း ရထားပါတယ်။ ဒီအဖွဲ့နဲ့လည်း ကျနော် တွေ့ဆုံမှာပါ။”

မေး။ ။ ထောင်တွင်းအခြေအနေရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ “ကျနော်ကိုယ်တိုင်မသွားပါဘူး။ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေ သွားခဲ့တာပါ။ ထောင်အာဏာပိုင်တွေနဲ့ တွေ့ပြီးတော့ လိုအပ်တဲ့ ဆေးဝါးအစာအဟာရတွေ ရဖို့ ပြောခဲ့ပါတယ်။”

မေး။ ။ နောက်ဆုံးမေးချင်တာကတော့ အမေရိကန်ပြည်ထောင်စုနဲ့ နှိုင်းယှဉ်ပြီးတော့ မေးလိုတာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားတချို့ ဂျွန်ယက်တောတို့ ဘာတို့ကို မြန်မာနိုင်ငံ အစိုးရက ဖမ်းဆီးခဲ့တာ ရှိပါတယ်။ အဲ့ဒီတုန်းက အမေရိကန်အနေနဲ့ ချက်ချင်းသူတို့ကို ပြန်လွှတ်ပေးဖို့ အရေးဆိုပြီးတော့ သူတို့နိုင်ငံသားတွေကို သူတို့နိုင်ငံ ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ အခု ဗြိတိသျှအစိုးရ လုပ်နေတဲ့လုပ်ရပ်နဲ့ ဘာကြောင့် ကွာခြားရတယ်လို့ ပြောချင်ပါသလဲ။
ဖြေ။ ။ “ဒီကိစ္စကို ကျနော် ဘာမှ မဝေဖန်လိုပါဘူး။ သူ့ကို ကိုယ့်နိုင်ငံသားတွေကို ပေးရမြဲ ကောင်စစ်ဝန်ဆိုင်ရာ အထောက်အကူတွေ ပေးအပ်သွားမယ်လို့ပဲ ပြောနိုင်ပါတယ်။"
XS
SM
MD
LG