သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ အပြုသဘောနဲ့ တုန့်ပြန်


မြန်မာနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက အပြုသဘောနဲ့ တုန့်ပြန်လာနေကြပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ရုပ်သိမ်းပေးရေး ကိစ္စနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းအတွင်း မြန်မာနိုင်ငံ ပြန်လည် ဝင်ဆန့်လာရေး ကိစ္စတွေကို အီးယူနဲ့ အာဆီယံအဖွဲ့တွေက တုန့်ပြန် ပြောဆိုလာကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်း ပြုစုတဲ့နေရာမှာ မရိုးသားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့တာကလွဲလို့ ဒီရွေးကောက်ပွဲ အေးအေးချမ်းချမ်းနဲ့ ပြီးစီးသွားခဲ့တာနဲ့ မဲထဲ့တဲ့နေရာမှာ မသမာမှုတွေ သိပ်မတွေ့ခဲ့ရတဲ့ အတွက် နိုင်ငံတကာ အသိုင်းဝိုင်းက လေ့လာသူတွေက ဒီရွေးကောက်ပွဲ အပေါ် အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ထွက်ပေါ်လာတာပါ။

ဒါပေမယ့် မြန်မာအစိုးရက အဓိက မျှော်လင့်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးရေး ကိစ္စအတွက်တော့ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲကို သွားရောက်လေ့လာနေတဲ့ သူတို့ ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာကို တွေ့ပြီးတော့မှပဲ ယတိပြတ် ဆုံးဖြတ်နိုင်မယ်လို့ အီးယူ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး Karel De Guch က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ စည်းဝေးပွဲအတွင်း ပြောကြားလိုက်တာပါ။

“မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲအခြေအနေတွေကို သွားရောက်လေ့လာနေတဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာမှာ ဘာတွေ ပါတယ်ဆိုတာကို ကျနော်တို့ အရင် ကြည့်ရပါမယ်။ တကယ်လို့ ဒီရွေးကောက်ပွဲတွေက လွှတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေ ဖြစ်တယ်ဆိုရင်တော့ လာမယ့် ဧပြီလ ၂၁ ရက်နေ့ Brussels မှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးရာ ကောင်စီမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ထားတာတွေ ပြန်ရုပ်သိမ်းပေးရေး ဆွေးနွေးဖို့ ဖြစ်လာနိုင်ပါတယ်။
ဒါက ရွေးကောက်ပွဲအပေါ် အကောင်းမြင်တာနဲ့ အီးယူ နိုင်ငံခြားရေးရာ ကောင်စီကထွက်လာမယ့် ဆုံးဖြတ်ချက် ဆက်နွယ်မှု ရှိနေတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ဒါဟာ ပိတ်ဆို့အရေးယူမှုနဲ့ဆိုင်တဲ့ ပထမဆုံး လုပ်ဆောင်ချက် ဖြစ်ပါလိမ့်မယ်။”


တကယ်လို့ အီးယူကသာ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးလိုက်ရင် မြန်မာနိုင်ငံကို ကုန်သွယ်ဖက် ဦးစားပေးစာရင်းမှာ ထည့်ပေးဖို့ မြန်မာဖက်က တောင်းဆိုတာမျိုး ဖြစ်လာနိုင်တယ်လို့ အီးယူ ကုန်သွယ်ရေး ဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။

အဲဒီလို ဦးစားပေး နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ပါလာရင်တော့ ဥရောပဈေးကွက်တွေကို အကောက်ခွန်မဲ့ အကန့်သတ်မရှိ ကုန်ပစ္စည်းတွေ တင်ပို့နိုင်မှာပါ။ အဲဒီလို မြန်မာနိုင်ငံအနေနဲ့ အခွန်ကင်းလွှတ်စွာ ကုန်ပစ္စည်း တင်ပို့ခွင့်ကိုတော့ အီးယူက ၁၉၉၇ ခုနှစ်မှာ ရုပ်သိမ်းခဲ့တာပါ။

ဒါပေမယ့် အဲဒီလို မဆုံးဖြတ်ခင် ရွေးကောက်ပွဲ ရလဒ်အပြင် မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ဆိုင်တဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာကိုလည်း ကြည့်ရဦးမှာဖြစ်တယ်လို့ အီးယူက ပြောပါတယ်။

မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး David Lipman ကလည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို ဆက်လက် အားပေးသွားမယ်လို့ ရန်ကုန်မြို့မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“လတ်တလော မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ကျနော်တို့အနေနဲ့ ဆက်လက် ထောက်ပံ့ အားပေးသွားမှာပါ။ ဒီကိစ္စကိုပဲ ဥရောပသမဂ္ဂက လုပ်ဆောင်ချင်တာဖြစ်ပြီး ဒါကြောင့်လည်း မနေ့က ကျနော်တို့ ဒီမှာလာပြီး ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာခဲ့တာပါ။”

ဒီကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အီးယူအပါအဝင် အနောက်နိုင်ငံတချို့နဲ့ အာဆီယံက ကိုယ်စားလှယ်တွေကို မြန်မာအစိုးရက ဖိတ်ကြားခဲ့တာပါ။

ဒီရွေးကောက်ပွဲ ကျင်းပခဲ့ပုံနဲ့ ပတ်သက်လို့ အားရ ကျေနပ်မိကြောင်း မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဗြိတိသျှသံတမန် Robert Cooper ကလည်း ပြောပါတယ်။

“ဒီရွေးကောက်ပွဲကို လာရောက် လေ့လာသူတွေကို ကူညီပေးခဲ့တဲ့ အတိုင်းအတာနဲ့ ပွင့်လင်း မြင်သာမှု ရှိအောင် လုပ်ဆောင်ခဲ့ကြတာတွေ အပေါ် ကျနော်တို့အနေနဲ့ အတော်လေး နှစ်သက် ကျေနပ်မိပါတယ်။”

အီးယူနဲ့ အနောက်နိုင်ငံတွေ နည်းတူပဲ ဒီ ကြားဖြတ်ရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားတာနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ကလည်း အပြုသဘော တုန့်ပြန် ပြောဆိုလာပါတယ်။

မဲစာရင်း ပြုစုတဲ့နေရာမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာတာက လွဲလို့ ရွေးကောက်ပွဲ အတွင်း တခြား မသမာမှုတွေ ရှိခဲ့တယ်လို့ သူတို့အနေနဲ့ မကြားခဲ့ရဘူးလို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ်က မနေ့က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ နိုင်ငံတကာ အသိုင်းဝိုင်းကြား မြန်မြန်ဆန်ဆန် ပိုပြီး ဝင်ဆန့်လာနိုင်အောင် ဒီရွေးကောက်ပွဲက အထောက်ကူပြုလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေနဲ့ နိုင်ငံရေးအရ တိုးတက် ပြောင်းလဲမှုတွေ မဖြစ်ဘူးဆိုပြီး ပြောဆိုနေရာကနေ မြန်မာနဲ့ အာဆီယံအကြား မြန်မာလူထုအတွက် အကျိုးရှိစေမယ့်၊ ပိုပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”


အမေရိကန် ပြည်ထောင်စုကလည်း ဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့ ဖြစ်စဉ်အပေါ် သတိနဲ့ အကောင်းမြင်ကြောင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပနေတဲ့ ဆီးရီးယား မိတ်ဆွေနိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG