သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရေတပ်စခန်း ပစ်ခတ်မှု အကြောင်းရင်း စုံစမ်းစစ်ဆေးဆဲ


မနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် စစ်တပ် ကန်ထရိုက်ဝန်ထမ်းတဦးရဲ့ ဘာကြောင့်သေနတ်နဲ့ ပစ်ခတ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့ စုံစမ်းနေကြပါတယ်။

ဒီပစ်ခတ်မှုမှာတော့ သေနတ်သမားအပါအဝင် လူ ၁၃ ဦး သေဆုံးသွားခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ နိုင်ငံတကာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မှုမရှိဘူး။ နောက်ပြီး တခြား နိုင်ငံရေး၊ ဘာသာရေးအရဖြစ်တဲ့ အထောက်အထားမျိုးတွေ မတွေ့ရဘူးလို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

အသက် ၃၄ နှစ် သေနတ်သမား Aaron Alxis စိတ်ဂယောင်ခြောက်ခြားနဲ့ အိပ်မရတဲ့ ဝေဒနာတွေကို ခံစားနေရသူတဦး ဖြစ်တယ်လို့ဆိုပါတယ်။

ဝါရှင်တန် ရဲမှူးကြီး Cathy Lanier က ဒီပစ်ခတ်မှုမှာ Aaron Alexis နဲ့အတူ ကျန်တဦး ပါ မပါဆိုတာ သက်သေ အထောက်အထားတော့ မတွေ့ရှိရသေးတဲ့အကြောင်း အခင်းဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Aaron Alexis ဟာ တက္ကဆက်ပြည်နယ် Fort Worth မြို့မှာ နေထိုင်သူတဦး ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ Alexis ဟာ သက်တမ်းမကုန်သေးတဲ့ ဝန်ထမ်းကတ်ပြားကို ပြပြီး အမေရိကန် ရေတပ်စစ်စခန်းထဲကို ဝင်လာခဲ့ပြီးနောက် စစ်ဘက်မှာ အသုံးပြုတဲ့ Automatic ရိုင်ဖယ်သေနတ်နဲ့အတူ တခြားသေနတ်မျိုးစုံနဲ့ ရေတပ်စနစ်ထိန်းဌာနချုပ်ထဲမှာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမားဟာ နယူးယောက်မြို့ ဇာတိဖြစ်ပြီး အမေရိကန်ရေတပ်မှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သင်္ဘောသားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Alexis ဟာ ၂၀၀၄ ခုနှစ်မှာ Seattle မြို့မှာ တကြိမ်၊ ၂၀၁၀ ခုနှစ်မှာ Forth Worth မြို့မှာ တကြိမ် သေနတ်ပစ်ခတ်မှုကြောင့် အဖမ်းခံခဲ့ရဖူးသူဖြစ်တယ်လို့ လည်း သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG