ပြည်ပမှာ အခြေစိုက် လှုပ်ရှားနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ကို မြန်မာနိုင်ငံမှာ တရားဝင် လုပ်ငန်းတွေ လုပ်ကိုင်ဖို့ လူ့အခွင့်အရေး ကော်မရှင်က ဖိတ်ခေါ်လိုက်ပါတယ်။ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ (HREIB) အနေနဲ့ မြန်မာ နိုင်ငံထဲမှာ လူ့အခွင့်အရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မှတ်ပုံ တင်နိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က တိုက်တွန်းလိုက်တာ ပါ။ ပြည်ပရောက် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အဖြစ် ပြည်တွင်းမှာ ရပ်တည် လုပ်ဆောင်ဖို့ အလား အလာတွေ နဲ့ ပတ်သက်လို့တော့ ရန်ကုန်အခြေစိုက် VOA သတင်းထောက် ကို ရဲကျော်အောင် သတင်းပို့ ထားပါတယ်။

ပြည်ပအခြေစိုက် လူ့အခွင့်အရေး နှင့် ပညာရေးဌာန မြန်မာနိုင်ငံ (HREIB) နဲ့ ပြည်တွင်း အခြေစိုက် လူ့အခွင့်ရေးကော်မရှင် တို့ ဒီနေ့ ပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ပြီး ပြည်တွင်း အခြေစိုက် လူ့အခွင့်ရေးကော်မရှင် က ပြည်ပအခြေစိုက် လူ့ အခွင့်အရေး နှင့် ပညာရေးဌာန မြန်မာနိုင်ငံ (HREIB) ကို ပြည်တွင်းမှာ လာရောက် မှတ်ပုံတင်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ တွေ လာရောက်လုပ်ဆောင် ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြည်ပအခြေစိုက် လူ့အခွင့်အရေး နှင့် ပညာရေးဌာန မြန်မာနိုင်ငံကလည်း ပြည်တွင်းမှာ လာရောက်ပြီး လုပ်ဆောင်ဖို့အတွက် သူတို့ မှာ အခက်အခဲ မရှိပေမဲ့ ပြည်တွင်းမှာ လာရောက် လုပ်ဆောင် တဲ့အခါ မှတ်ပုံတင်တဲ့ အဆင့်မှာပဲ အတားအဆီး အနှောက်အယှက်တွေ ရှိနေတယ် ဆိုပြီး ပြည်တွင်း အခြေစိုက်လူ့အခွင့်ရေးကော်မရှင် က ပုဂ္ဂိုလ်တွေကို ပြောကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီကနေ့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ ပြည်ပအခြေစိုက် လူ့အခွင့်အရေး နှင့် ပညာရေး ဌာန မြန်မာနိုင်ငံ က ဒါရိုက်တာ ဦးအောင်မျိုးမင်း က အခုလို ပြောပြပါတယ်။

“ကျနော်တို့က တရားဝင် Register လုပ်ရတဲ့ အဖွဲ့အစည်းမျိုး ဖြစ်မယ်ဆိုရင် သူတို့နဲ့ သေချာ လက်တွဲ လုပ်ဆောင်ဖို့ ပို အဆင် ပြေ နိုင်တယ်၊ ကျနော်တို့ရဲ့ လုပ်ငန်းတွေမှာလည်း သူတို့အနေနဲ့ ကော်မရှင်အနေနဲ့ ဒီလိုမျိုး ပူးပေါင်း လုပ်ဆောင်မယ့် အနေ အထားမျိုး ရှိတယ်လို့ ပြောပါတယ်။ ဒါကတော့ သူတို့ဘက်က အကြံပေးတဲ့သဘောပါ၊ ဒါပေမဲ့ ကျနော်တို့က ပြန်အကြောင်းပြတဲ့ နေရာမှာကတော့ ခုချိန်ထိ ကျနော်တို့ အဖွဲ့အစည်းတွေဆိုင်ရာ၊ NGO တွေဆိုင်ရာ မှတ်ပုံတင်ဖို့ လုပ်ငန်းအခြေအနေက တိတိ ကျကျ မရှိသေး ဘူး၊ နောက်တခါ ကျနော်တို့ ပြည်ပကနေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို အစိုးရပိုင်းမှာ လူ့အခွင့် အရေး ပညာပေးတယ်ဆိုရင် အကောင်းဘက်က မမြင်ဘဲနဲ့ အနှောက်အယှက်ပြုတဲ့သဘောမျိုး ရှိနေတဲ့ အတွက်၊ တကယ်လို့ မှတ်ပုံ တင် ရင်ရော ဒါတွေက လွယ်လွယ်ကူကူ ဖြစ်နိုင်သလား၊ အဆင်ပြေပြေဖြစ်နိုင် သလား၊ ကျနော်တို့က ပြန်ပြီးတော့ ထောက်ပြပါတယ်၊ ဒီကိစ္စတွေကတော့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့အတွက် အဲဒါတွေကို ဆက်သွယ်ပြီးတော့ လုပ်ဆောင်နိုင်မယ်ဆိုရင် ကောင်းတဲ့ အကြောင်း ပြောပါတယ်။ သူတို့ ပြောတဲ့အချက်ထဲမှာတော့ လူ့အခွင့်အရေးဆိုတာ၊ အားလုံးကလည်း အရေး ထားတဲ့ ကိစ္စဖြစ်တယ်၊ တချိန်တည်းမှာပဲ အစိုးရပိုင်းကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ဖို့ အတွက် လမ်းစဉ်တွေ ပေါ်လစီ တွေ၊ ဆွဲဆောင်နိုင်မယ့် ပုံစံတွေ ချမှတ်ထားတဲ့အတွက် တကယ်တမ်း လုပ်ဆောင်မယ်ဆိုရင် အခက်အခဲတွေ မရှိနိုင်ပါဘူး လို့ သူတို့ဘက်က ပြောကြားခဲ့ပါတယ်။”

ပြည်ပအခြေစိုက် လူ့အခွင့်အရေး နှင့် ပညာရေးဌာန မြန်မာနိုင်ငံ (HREIB) နဲ့ ပြည်တွင်း အခြေစိုက် လူ့အခွင့်ရေးကော်မရှင် တို့ ဒီနေ့ ပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးမှု မှာ ပြည်တွင်းဘက်က လူအခွင့်အရေး နဲ့ ပညာပေးရေး အစီအစဉ်တွေမှာ အတူ တွဲ လုပ်ဆောင်ဖို့ ကိစ္စတွေလည်း ဆွေးနွေး ဖြစ်ကြပါတယ်။

“ကျနော်တို့ဘက်ကတော့ နဂိုကတည်းက ပြည်တွင်းမှာ လုပ်ဆောင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေး ပညာပေးတယ်ဆိုတာ တိုင်းတပါးကနေ ပြည်သူလူထုကြားထဲ ပေးဖို့ ဆိုတာ ကျနော်တို့ အချိန်တွေ ငွေတွေ အရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ်၊ တကယ်လို့ သာ ပြည်တွင်း မှာ ရှိတဲ့ ပြည်သူလူထု ကြားထဲမှာ လူ့အခွင့်အရေး ပညာပေးမှုကို စနစ်တကျ လုပ်နိုင်ရင် ပိုမိုထိရောက်နိုင်မယ်လို့ ယုံကြည်ထားတဲ့အတွက် ဒါကတော့ ကျနော်တို့ဘက်က အဆင်သင့် ဖြစ်ပါတယ်။”

ပြည်တွင်း အခြေစိုက် လူ့အခွင့်ရေးကော်မရှင်ဟာ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်နေတာကြောင့် အစိုးရ နဲ့ သီးခြား ကင်းလွတ်တဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်သင့်တယ်လို့ ပြည်ပအခြေစိုက် လူ့အခွင့်အရေး နှင့် ပညာရေးဌာန မြန်မာနိုင်ငံ က ထောက်ပြ ခဲ့ပါတယ်။

“သူတို့ကတော့ ပြောပါတယ်။ လူ့အခွင့်အရေး ကော်မရှင်တိုင်း ကော်မရှင်တိုင်းက စစချင်း ဖွဲ့စည်းမှုမှာ အားနည်းချက် ရှိတယ်၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရတာပဲ၊ သူတို့အနေနဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့ အစည်း ဖြစ်ဖို့အတွက် အာသီသ ရှိတယ်၊ ဒါလည်း ဖြစ်အောင် ကြိုးပမ်းမယ်၊ ဒါလည်း တချို့နေရာမှာတော့ အခက်အခဲ ရှိနေတုန်းလို့ ကျနော်တို့ မြင်ပါတယ်။ အဲတော့ သီးခြား လွတ်လပ်ပြီးတော့ အစိုးရကို လိုအပ်တဲ့ လူ့အခွင့်အရေး ကာကွယ်မှုတွေ မြှင့်တင်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ် ပေးမှုတွေ ဒါတွေကို လုပ်ဆောင်နိုင်မယ်ဆိုရင် ကျနော်တို့ ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်း အဆင်သင့်ပါပဲ၊ ဒီလိုမျိုး ကိစ္စတွေ မရှိသေးဘူးဆိုရင်တော့ ကျနော်တို့မှာ ပူးပေါင်းဆောင်ရွက်မှု ရှိချင်တောင်မှ အများကြီး အခက်အခဲ ရှိနိုင်တဲ့ အခြေ အနေမျိုး ရှိနေဦးမှာပါပဲ”

ပြည်ပအခြေစိုက် လူ့အခွင့်အရေး နှင့် ပညာရေးဌာန မြန်မာနိုင်ငံ (HREIB) နဲ့ ပြည်တွင်း အခြေစိုက် လူ့အခွင့်ရေးကော်မရှင် တို့ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါ မှာ လူ့အခွင့်ရေးကော်မရှင်က မကြာမီ လွှတ်တော် မှာ တင်ပြဖို့ရှိ တဲ့ လူ့အခွင့်အရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်း ဥပေဒေတွေကို ချပြ ဆွေးနွေး ခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပြ ပါတယ်။

“အထူး ဆွေးနွေးဖြစ်တဲ့ ကိစ္စကတော့ လူ့အခွင့်အရေး ကော်မရှင်က သူတို့ရဲ့ လုပ်ထုံး လုပ်နည်းဆိုင်ရာ ဥပဒေမူကြမ်း တရပ် အကြောင်း ကျနော်တို့ ဆွေးနွေး ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့နေရာမှာ ကျနော် တို့က ဒီ မူကြမ်းအဆင့်က ဘယ် ရောက် နေ ပြီဆိုတဲ့ဟာမှာ သူတို့အနေနဲ့ သမ္မတရုံးမှာ ရှိတဲ့ ဥပဒေပြင်ဆင်ရေး ဌာန အဲဒီအဖွဲ့ကို သူတို့ တင်ထားပြီးသွားပြီ။ အဲဒီအဖွဲ့ကနေ လို အပ်သလို စီစဉ်ဆောင်ရွက်မှုတွေ လုပ်မယ်၊ ပြီးရင်တော့ လွှတ်တော်ကို တင်နိုင်မယ့် အနေအထားမျိုး ရှိမယ် လို့ ပြောပါတယ်။ ဒါကတော့ လက်ရှိအားဖြင့်ကို သူတို့ ပြောတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ဘာတွေပါလဲ၊ ဘယ်လို မူကြမ်းတွေဖြစ်လဲ ဆိုတာ ကတော့ သူတို့အနေနဲ့ ပြည်သူလူထုကို ချပြဖို့ ဒါမှမဟုတ် လူထု အခြပြု အဖွဲ့အစည်းနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ ကိစ္စမှာ သူတို့မှာ အစီ အစဉ် မရှိဘူး၊ ဒါတွေကတော့ အစိုးရတွေကနေ ဌာန ဆိုင်ရာအလိုက် ဆက်လက် လုပ်ဆောင်သွားမယ့် သဘောရှိတယ်လို့ သူတို့ တင်ပြချက် ရှိပါတယ်။

လူ့အခွင့်အရေး နှင့် ပညာရေးဌာန မြန်မာနိုင်ငံ နဲ့ လူ့အခွင့်ရေးကော်မရှင်တို့ တွေ့ဆုံ ဆွေးနွေးမှု ဟာ မြန်မာနိုင်ငံမှာတော့ လူ့ အခွင့်အရေး နဲ့ ပတ်သက်ပြီး ပြည်တွင်းက အဖွဲှ့အစည်း တစ်ခု နဲ့ ပြည်ပ အခြေစိုက် အဖွဲ့အစည်း တစ်ခုရဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ဖြစ်ပါတယ်။