Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ ဖုန်း အမျိုးအစားနှစ်မျိုးဟာ ပြိုင်ဘက် တရုတ် ကုမ္ပဏီ တစ်ခုက ထုတ်တဲ့ ဖုန်းတွေနဲ့ အလွန်တူနေတာကို တွေ့ရပြီးတဲ့နောက်၊ အဲဒီဖုန်းတွေကို ဘေဂျင်းမြို့မှာ ရောင်းချခြင်း မပြုဖို့ တရုတ် တရားရုံးတစ်ခုက အမိန့် ထုတ်ပြန်လိုက်ပါတယ်။
Apple ကတော့ ဒီအမိန့်ကို အယူခံဝင်နေတုန်း ဖုန်းတွေကို ဆက်လက် ရောင်းချ နေမယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ညာဏပစ္စည်း ဆိုင်ရာ မူပိုင်ခွင့် ခုံရုံးတစ်ခုကနေ ချမှတ်လိုက်တဲ့ ဒီ ဆုံးဖြတ်ချက်ဟာ Apple အတွက် ဒုတိယ အကြီးဆုံး ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ အကြီးမားဆုံး ဥပဒေ ဆိုင်ရာ အတားအဆီးဖြစ်နေတာပါ။
Apple ရဲ့ iPhone 6 နဲ့ iPhone 6 Plus ဖုန်းတွေဟာ တရုတ်ဖုန်းကုမ္ပဏီ ငယ်တစ်ခုဖြစ်တဲ့ Shenzhen Beili က ထုတ်တဲ့ 100C မော်ဒယ် ဖုန်းတွေနဲ့ အလွန်ဆင်တူနေတယ်လို့ ဘေဂျင်းမြို့ ခုံရုံးကနေ အမိန့်ချမှတ်လိုက်တာပါ။
Apple ကုမ္ပဏီထုတ် ဖုန်းတွေဟာ Huawei နဲ့ Xiaomi တို့လို တရုတ်နိုင်ငံမှာ ဈေးကွက်ဝေစု ရထားတဲ့ ပြည်တွင်း အမှတ်တံဆိပ်တွေရဲ့ ယှဉ်ပြိုင်မှု မြင့်တက်လာတာ ကြုံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက လည်း Apple ကုမ္ပဏီဟာ သူ့ရဲ့ iBooks နဲ့ iTunes Movies ဝန်ဆောင်မှုတွေကို ရပ်နားထားလိုက်ရပြီး၊ ဒါဟာ တရုတ် အာဏာပိုင်တွေက အမိန့်ချမှတ်လိုက်တဲ့အတွက် ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ကုမ္ပဏီအနေနဲ့တော့ ဒီဝန်ဆောင်မှုတွေကို မကြာခင် ပြန်စနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း တရုတ် ကုမ္ပဏီတစ်ခုက iPhone ရဲ့ အမှတ်တံဆိပ်ကို လွယ်အိတ်တွေ၊ ပိုက်ဆံအိတ်တွေနဲ့ အခြား သားရေ နဲ့ လုပ်ထားတဲ့ ထုတ်ကုန် ပစ္စည်းတွေမှာ အသုံးပြုတာကို ခွင့်ပြုဖို့ တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့တဲ့ အတွက် Apple ဟာ နောက်ထပ် အတားအဆီး တစ်မျိုးနဲ့ ကြုံခဲ့ရပြီး၊ အဲဒီအတွက် အယူခံဝင်မယ်လို့ ပြောဆိုထားပါတယ်။