သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရပုံ IPI ထောက်ပြ


ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ကြီး IPI အပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ သတင်းစာရှင်းလင်းပွဲ။
ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ကြီး IPI အပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ သတင်းစာရှင်းလင်းပွဲ။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံး လက်ခံကျင်းပတဲ့ ကမ္ဘာ့သတင်းမီဒီယာအဖွဲ့ကြီးဖြစ်တဲ့ IPI ညီလာခံမှာ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေဟာ အနုတ်လက္ခဏာပြတဲ့ဖြစ်ရပ်လို့ IPI အဖွဲ့ဝင်တွေကသုံးသပ်ကြောင်းနဲ့ မြန်မာအစိုးရက တာဝန်ယူထားတဲ့ သတင်း လွတ်လပ်ခွင့်ကို လိုက်နာဆောင်ရွက်ဖို့ IPI ညီလာခံက တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်မြို့မှာ မတ်လ (၂၇) ရက်နေ့စတင်ကျင်းပတဲ့ IPI ညီလာခံ အဖွင့်မိန့်ခွန်းမှာပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ကလည်း သတင်းထောက်တွေ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကစပြီး တိုးတက်မှုတွေရှိခဲ့တာကို IPI အဖွဲ့ကြီးအနေနဲ့အသိအမှတ်ပြုပေမယ့် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာ၊ မကြာသေးခင် သီတင်းပတ်တွေက ဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေမှာ သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီးတာဟာ အနုတ်လက္ခဏာ ပြတဲ့ဖြစ်ရပ်တွေပဲလို့ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ IPI ညီလာခံရဲ့ မတ်လ (၂၈) ရက်နေ့ စနေနေ့က ထုတ်ပြန်တဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ထိန်းသိမ်းသွားမယ်၊ ဆန္ဒပြပွဲတွေမှာ သတင်းထောက်တွေ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို စုံစမ်းအရေးယူ အပြစ်ပေးသွားမယ်ဆိုတဲ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပြောဆိုခဲ့တဲ့အတိုင်း လက်တွေကအကောင်အထည်ဖေါ်ဆောင်ရွက်ပေးဖို့ IPI အနေနဲ့ ထပ်မံတိုက်တွန်းပါတယ်လို့ IPI ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Barbara Trionfi ကပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ နောက်ပိုင်းကာလတွေမှာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို IPI အဖွဲ့ကြီးက တောင်းဆိုကြောင်း Barbara Trionfi ကဆိုပါတယ်။

IPI ညီလာခံကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပတာဟာ ပြည်တွင်းသတင်းသမားတွေအနေနဲ့ အခြားနိုင်ငံတွေမှာ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို လေ့လာနိုင်ဖို့ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ညီလာခံကျင်းပနေတဲ့ ချက်ထရီယမ်ဟော်တယ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ခင်ဗျားတို့…ကျနော်တို့ရဲ့မိတ်ဆွေတွေလိုပဲ လာကြတယ်၊ လာကြတော့ မေးခွန်းမေးတဲ့အထဲမှာ ဘာပဲပြောပြော ခင်ဗျားတို့ နားထောင်ရတော့ဘာဖြစ်လဲ။ ကျနော်တို့ ကြုံတဲ့ပြဿနာမျိုးက ကျနော်တို့ တနိုင်ငံတည်းဖြစ်နေတာမဟုတ်ဘူး။ အမျိုးမျိုးဖြစ်တယ်။ နိုင်ငံတိုင်းမှာ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာ၊ ပဋိပက္ခရှိတဲ့ နိုင်ငံတွေမှာ ပိုဆိုးတယ်။ ဒါတွေကို လေ့လာပြီးတဲ့အခါမှာ ပြန်ပြီးတော့မှ ကိုယ့်ရဲ့ဒေသမှာ ပြန်ပြီးတော့ စာနယ်ဇင်းလုပ်ငန်း လုပ်တဲ့အခါမှာ ပိုပြီးတော့ မှန်ကန်တဲ့ နည်းလမ်းတွေကို အဖြေတွေရမယ်လို့ ထင်တယ်။ ဒါကြောင့်မို့ ကျေးဇူးတင်ကြောင်းကျနော်ပြောချင်တယ်။”

IPI ကနှစ်စဉ်ချီးမြှင့်နေတဲ့ သတင်းလွတ်လပ်ခွင့် သူရဲကောင်းဆုကို ဒီနှစ်အတွက် ထောင်ဒဏ် (၁ဝ) နှစ်အကျဉ်းကျခံနေရတဲ့ ဆီးရီးယားနိုင်ငံသား နာမည်ကျော် လူ့အခွင့်အရေးရှေ့နေ Mazen Darwish ကိုဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ IPI ရဲ့သတင်းလွတ်လပ်ခွင့် ရှေ့ဆောင်ရှေ့ရွက်ပြုသူဆုကိုတော့ မက္ကဆီကိုနိုင်ငံသူ အလွတ်သတင်းထောက် Marcela Turati ကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကို ၂ဝဝ၇ ခုနှစ်တုန်းက မဇ္ဈိမ သတင်းဌာနက ရရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ညီလာခံကို မိတ်ဖက်အဖွဲ့ဝင် မဇ္ဈိမသတင်းဌာနနဲ့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း (၆ဝ)ကျော်က IPI အဖွဲ့ဝင် သတင်းသမား ၂ဝဝ ကျော်တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG