အီရန်အစိုးရက ရွေးချယ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ငြင်းဆိုတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ကော်မတီ အရေးပေါ်အစည်းအဝေး ခေါ်ပေးဖို့ အီရန်က တောင်းဆိုလိုက်ပါတယ်။
အီရန်က ရွေးချယ်တဲ့ သံအမတ်ကြီး မစ္စတာ Hamid Abutalebi ဟာ ၁၉၇၉ ခုနှစ် Tehran မြို့တော် အမေရိကန်သံရုံးစီးနင်းမှုမှာ ပါဝင်ခဲ့သူဖြစ်တယ်ဆိုပြီး အမေရိကန်က ကန့်ကွက်တာဖြစ်ပါတယ်။ အီရန်အစိုးရရဲ့ ရွေးချယ်မှုဟာ အလုပ်မဖြစ်နိုင်ဘူးလို့ အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရသူ ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် သံတမန်ရေးအရ အပျက်သဘော သက်ရောက်မှုတွေ ရှိသွားသလို အန္တရာယ်များတဲ့ အစဉ်အလာတရပ်လည်း ဖြစ်သွားစေနိုင်တယ်လို့ အီရန်နိုင်ငံရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က တင်္နလာနေ့မှာပဲ စာတစောင် ပေးပို့ခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ မပေးတာဟာ ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေကို ဆန့်ကျင်နေတယ်လို့ စာမှာ ပြောထားပါတယ်။ အိမ်ရှင်နိုင်ငံနဲ့ ဆက်ဆံရေး ကုလသမဂ္ဂ ကော်မတီအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးဖို့ အီရန်က လိုလားတာပါ။
ဒီကော်မတီကို Cyprus နိုင်ငံက ဦးဆောင်ပြီး နောက်သီတင်းပတ်မှာ အစည်းအဝေး ခေါ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ Cyprus သံအမတ်ကြီး Nicholas Emiliou ကို ကိုးကားပြီး Reuters သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။