အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံအကြား နှစ် ၃၀ ကျော် အတွင်း ပထမဆုံးအကြိမ် အဆင့်မြင့်တာဝန်ရှိသူတွေ တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
နယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေရာ အပြင်ပန်းမှာ ပြုလုပ်သွားတာပါ။ ကုလသမဂ္ဂရဲ့ ကြီး ၅ ကြီးနဲ့ အီရန် အစည်းအဝေး ပြုလုပ်ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif ကို သီးခြားခေါ်ယူပြီး မမျှော်လင့်ဘဲ မိနစ် ၃၀ ကြာအောင် နှစ်ဘက်တိုက်ရိုက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ် အစ္စလာမစ်တော်လှန်ရေးဖြစ်ပြီးကတည်းကဆိုရင် အမေရိကန်နဲ့ အီရန်အကြား အဆင့်မြင့် တာဝန်ရှိသူတွေ တိုက်ရိုက် သီးခြား တွေ့ဆုံမှု ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်က အီရန်မှာ အစ္စလာမ် မစ်တော်လှန်ရေးပေါ်လာပြီးနောက် အမေရိကန်သံရုံးကို စီးနင်း သံတမန်တွေကို ပြန်ပေးဆွဲမှုဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီကတည်းက အမေရိကန်နဲ့အီရန် တရားဝင် သံအဆက်အသွယ် ပြတ်တောက်ခဲ့တာပါ။
သူတို့နှစ်ဦးရဲ့ဆွေးနွေးညှိနှိုင်းမှုဟာ အပြုသဘောဆောင်ပြီး အီရန်ဘက်ကတော့ လေသံပြောဆိုမှုဟာ အတော်ကြီးကို ပြောင်းလဲသွားပြီလို့ မစ္စတာကယ်ရီက မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် အခုလို အစည်းအဝေး တခုတည်းနဲ့ လေသံပြောင်းရုံနဲ့တော့ အီရန်နျူကလီယားအစီအစဉ်အတွက် အဖြေတစုံတရာ ထုတ်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံ (အပေါင်း) ဂျာမဏီတို့နဲ့ ဆွေးနွေးရာမှာတော့ နျူကလီယားအရေး ဆွေးနွေးမှုတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က ပြောခဲ့ပါတယ်။ သဘောတူညီမှုကို တနှစ်အတွင်းရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောသွားပါတယ်။
အီရန်ဘက်က အဆိုပြုချက်တင်တယ်ဆိုတာကို အမေရိကန်တာဝန်ရှိသူတွေ ဘက်က အတည်ပြုပါတယ်။ ဒါပေမယ့်လည်း လာမယ့်လ ဂျနီဖာမှာပြုလုပ်မယ့် ကြီးငါးကြီး (အပေါင်း) ၁ အစည်းအဝေးမတိုင်ခင်မှာ အီရန်ဘက်က ပိုပြီး အသေးစိတ်ကျတဲ့ အဆိုပြုချက်ကို တင်ပြဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။