သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်နိုင်ငံမှာရှိတဲ့ အီရန်သံတမန်တွေ နိုင်ငံက ထွက်ခွာသွားဖို့နဲ့ လန်ဒန်မှာရှိတဲ့ သံရုံးကိုလည်း ချက်ခြင်းပိတ်လိုက်ဖို့ ဗြိတိသျှ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့တော်က ဗြိတိသျှသံရုံးကို လူစုလူဝေးနဲ့ မနေ့တုန်းက ၀င်ရောက် တိုက်ခိုက်တာ ခံခဲ့ရပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီး William Hague က ကြေငြာ လိုက်တာပါ။

ရဲလုံခြုံရေးတွေ ရှိနေတဲ့ကြားက သံရုံး အဆောက်အဦး မှန်တွေကို ရိုက်ခွဲ၊ ဖျက်ဆီးမှုတွေ လုပ်ခဲ့တာကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အီရန် အစိုးရအနေနဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ စွပ်စဲချက်တွေနဲ့အတူ အီရန်နိုင်ငံအပေါ် ဖိအားပေးတဲ့ အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ ဗြိတိန် အစိုးရက ကြေငြာလိုက်တာကို တုန့်ပြန်တဲ့ အနေနဲ့ အစ္စလာမ်ဝါဒီတွေ တီဟီရန်မြို့တော်က ဗြိတိသျှ သံရုံးပြင်ပမှာ စုဝေးဆန္ဒပြရာက တိုက်ခိုက်တဲ့အထိ ဖြစ်ပွားခဲ့တာပါ။

အီရန်နိုင်ငံက ဗြိတိသျှသံရုံး ၀န်ထမ်း တချို့ကို ပြန်လည် ဆင့်ခေါ်နေတယ်လို့လည်း ဗြိတိန်နိုင်ငံက အစောပိုင်းမှာ ကြေညာထားတာဖြစ်သလို၊ နော်ဝေးနိုင်ငံကလည်း သူ့သံရုံးကို ပိတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ကြေငြာခဲ့ပါတယ်။

တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အတွက် မနေ့နှောင်းပိုင်းကစလို့ သံရုံးကို ပိတ်ထားလိုက်ပြီး သံတမန် တချို့ပဲ အီရန်မှာ ဆက်ရှိနေဦးမယ်လို့ နော်ဝေးနိုင်ငံက ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG