သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သူလျှို ၁၇ ဦးဖမ်းဆီးခံဟု အီရန်ထုတ်ပြန်


အမေရိကန်သူလျှို ၁၇ ယောက်ကို ဖမ်းဆီးထားပြီး အဲဒီထဲက တချို့ကို သေဒဏ်ချလိုက်ပြီလို့ အီရန်နိုင်ငံက ဒီကနေ့ ကြေညာပါ တယ်။

ဒီသူလျှိုတွေကို ပြီးခဲ့တဲ့နှစ်အတွင်းက ဖမ်းခဲ့တာဖြစ်တယ်လို့ အီရန် ထောက်လှမ်းရေးဌာနက ဆိုပါတယ်။ အဲဒီလူတွေဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန CIA အတွက် စစ်ဘက်နဲ့ နျူကလီးယားဆိုင်ရာ နေရာဌာနတွေကနေ လျှို့ဝှက် အချက် အလက်တွေကို စုဆောင်းရယူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်က အဆင့်မြင့်ရှုပ်ထွေးတဲ့ သင်တန်းတွေ ပေးထားတဲ့ကြားကပဲ သူလျှိုလို့ စွပ်စွဲခံထားရသူတွေထဲက ဘယ်သူမှ အီရန် ကို ဒုက္ခပေးဖို့အကြံအစည်တွေ အောင်မြင်မှု မရခဲ့ဘူးလို့ အီရန် တန်ပြန်ထောက်လှမ်းရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

သူလျှိုတွေနဲ့ အချိတ်အဆက် လုပ်ခဲ့တယ်လို့ဆိုတဲ့ CIA အရာရှိဆိုသူတွေရဲ့ ဓာတ်ပုံတွေကိုတောင်မှ ရုပ်သံသတင်းတွေထဲမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ အီရန်ရဲ့ ဒီပြောဆိုချက်ကို ပယ်ချပါတယ်။ အီရန်အစိုးရဟာ လိမ်လည်ပြောဆိုတတ်တဲ့ သမိုင်းရှည်ကြီး ရှိထားတဲ့အစိုးရဖြစ်တယ်လို့ Fox ရုပ်သံသတင်းဌာနကို ဝန်ကြီး Pompeo ဒီကနေ့ မနက်အစောပိုင်းမှာ ပြောပါတယ်။

အမေရိကန်သူလျှိုတွေကို ဖမ်းမိတယ်လို့ အီရန်ကပြောတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ဧပြီလတုန်းကလည်း အမေရိကန် သူလျှိုကွန်ယက်တခုကို ဖော်ထုတ်လိုက်တယ်လို့ ပြောခဲ့ဖူးပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG