သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား လုပ်ငန်းတွေ လေ့လာဖို့ သံတမန်တွေကို အီရန်ဖိတ်ကြား


နျူကလီးယား လုပ်ငန်းတွေ လေ့လာဖို့ သံတမန်တွေကို အီရန်ဖိတ်ကြား

အီရန်နိုင်ငံက နျူကလီးယားဆိုင်ရာ လုပ်ငန်းတွေကို အခုလအတွင်းမှာ လေ့လာကြည့်ရှုဖို့ နိုင်ငံခြား သံတမန်တွေကို ဖိတ်ခေါ်ထားတယ် ဆိုတဲ့ကိစ္စ ဟုတ်မှန်ကြောင်း အီရန်ဘက်က အတည်ပြုချက် ပေးပါတယ်။

အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ရာမင် မဲမင်ပါရစ် (Ramin Mehmanparast) ဒီကနေ့ ပြောတဲ့အထဲမှာ သူတို့ရဲ့ ဖိတ်ခေါ်ထားတဲ့ သံတမန်တွေကို တိုးချဲ့ထားတယ်၊ EU ဥရောပသမဂ္ဂ နိုင်ငံတချို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေထဲက တချို့ ကိုယ်စားလှယ်တွေနဲ့ ဂျာမဏီနိုင်ငံ အပါအ၀င် ဘက်မလိုက်နိုင်ငံများ အုပ်စုက ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

နျူကလီးယား လုပ်ငန်းတွေကို လေ့လာကြည့်ရှုရေး အစီအစဉ်က အီရန်နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင် နိုင်ငံတွေနဲ့ ဂျာမဏီနိုင်ငံတို့ ဆွေးနွေးမှုတွေ မတိုင်ခင် စီစဉ်ထားတာပါ။ အဲဒီဆွေးနွေးမှုမှာ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလတုန်းက တူရကီနိုင်ငံမှာ အီရန်ကလုပ်မယ့် နျူကလီးယား အစီအစဉ်အကြောင်း ပြောကြမှာပါ။

အီရန်ရဲ့ အခုဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ကို ဖိတ်၊ မဖိတ် ဆိုတာတော့ အီရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မပြောပါဘူး။ ဒါပေမဲ့ ခပ်စောစောပိုင်းက ထွက်လာတဲ့ AP သတင်းမှာတော့ အမေရိကန်ကို မဖိတ်ထားဘူးလို့ ဆိုပါတယ်။ အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး ဝေဖန်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

AP သတင်းမှာပဲ ဖော်ပြထားတာက အခုလာမယ့် ဇန်န၀ါရီလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ အီရန်ရဲ့ နျူကလီးယား လုပ်ငန်းတွေကို လှည့်လည်ကြည့်ရှုဖို့ အရွေးချယ် ခံထားရတဲ့ ကိုယ်စားလှယ်တွေကို အီရန် အကြီးတန်း သံတမန်တဦးဖြစ်တဲ့ အလီ အာဆာ ဆိုလ်တာနီ (Ali Asghar Soltanieh) က ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကတော့ အီရန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံရရှိတယ်လို့ ဒီကနေ့ အတည်ပြုချက် ပေးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်စားလှယ် လွှတ်မယ်၊ မလွှတ်ဘူး ဆိုတာကိုတော့ မပြောပါဘူး။

XS
SM
MD
LG