သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်လွှတ်တော် ရွေးကောက်ပွဲ အတိုက်အခံ အသာရ

အီရန်နိုင်ငံက လွှတ်တော် ရွေးကောက်ပွဲ ရလဒ်တချို့ ထွက်ပေါ်လာချိန်မှာတော့ သမ္မတ Mahmoud Ahmadinejad ရဲ့ ပြိုင်ဘက် ရှေးရိုးစွဲ ဝါဒီတွေက မဲဆန္ဒနယ်မြေ တော်တော်များများမှာ အနိုင်ရခဲ့တာကြောင့် ကိုယ်စားလှယ်နေရာ ၂၉၀ ရှိတဲ့ လွှတ်တော်ထဲမှာ ထိန်းချုပ်သွားနိုင်မယ့် အလားအလာတွေ တွေ့နေရပါတယ်။ နယ်တွေမှာရှိတဲ့ မဲတွေအပေါ် အစောပိုင်း ရေတွက်မှုတွေမှာတော့ နိုင်ငံ့ဥသျှောင် Ayatollah Khamenei ကို ထောက်ခံသူ သစ္စာခံတွေ အသာရနေပြီး သမ္မတကို ထောက်ခံသူတွေကတော့ လွှတ်တော်ထဲမှာ ခြေကုပ်မရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံနေကြရတာပါ။

ပြည်ထဲရေးဝန်ကြီး Mostafa Mohammad Najjar ကတော့ ဆန္ဒမဲပေးသူ ၆၄ ရာခိုင်နှုန်း မဲထည့်ခဲ့ကြတဲ့ အကြောင်း ကြေညာပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက အခြေအတင် ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပခဲ့စဉ်အချိန်ကစလို့ ပထမဆုံး အကြိမ် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကိုတော့ အီရန်နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီနဲ့ ပြုပြင် ပြောင်းလဲရေးသမားတွေက ကန့်ကွက် သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေကိုတော့ အခြေခံဥပဒေရေးရာ ကိစ္စတွေမှာ အာဏာရှိတဲ့ အစ္စလာမ် ပညာရှင်တွေ၊ ခုံသမာဓိတွေနဲ့ ဖွဲ့စည်းထားပြီး သြဇာကြီးမားလှတဲ့ Guardian Council က အတည်ပြုပေးရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲက အီရန်နိုင်ငံရဲ့ နိုင်ငံခြားရေးရာနဲ့ နျူကလီးယားဆိုင်ရာ မူဝါဒတွေ အပေါ်မှာ သက်ရောက်မှုတွေရှိမှာ မဟုတ်ပေမဲ့ ရှေ့နှစ်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲတွေ မတိုင်မီ နိုင်ငံဥသျှောင် Khamenei ရဲ့ အနေအထားကို ပိုမိုခိုင်မာအောင် လုပ်ပေးနိုင်မှာတော့ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG