သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်လွှတ်တော် ရွေးကောက်ပွဲ သမ္မတ ထောက်ခံသူတွေ အရေးနိမ့်

အီရန်နိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲရလဒ် တချို့ကို ကြေညာလိုက်ပြီဖြစ်သလို ဒီရလဒ်တွေအရ အီရန်သမ္မတ Mahmoud Ahmadinejad ရဲ့ အတိုက်အခံတွေဖြစ်တဲ့ ရှေးရိုးစွဲ ဝါဒီတွေက လွှတ်တော် နေရာအများစုကို အနိုင်ရထားပါတယ်။ သောကြာနေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတဲ့နောက် အခု ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ လွှတ်တော်နေရာ ၂၉၀ မှာ နေရာပေါင်း ၂၀၀ ကျော်ကို အတိုက်အခံတွေက အနိုင်ရထားတဲ့အကြောင်း အီရန် အစိုးရ ရုပ်မြင်သံကြား သတင်းအေဂျင်စီတွေက တနင်္ဂနွေနေ့က ကြေညာလိုက်တာပါ။

အနိုင်ရသူ တစ်ဝက်ကျော်ဟာ နိုင်ငံဥသျှောင် Ayatollah Ali Khamenei ကို ထောက်ခံသူ ရှေးရိုးစွဲ ဝါဒီတွေဖြစ်ပြီး သမ္မတ Ahmadinejad ရဲ့ မူဝါဒတွေကို ဆန့်ကျင်သူတွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိပ်တန်း အစိုးရအရာရှိတွေကို ခန့်အပ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လုပ်ပိုင်ခွင့်အာဏာကို စိန်ခေါ်ခဲ့ကြတဲ့ Khamenei သစ္စာခံသူတွေကို သမ္မတက ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်နေရာ အများစုကို အနိုင်ရခဲ့ကြတဲ့ မစ္စတာ Khamenei ရဲ့ သစ္စာခံတွေထဲမှာတော့ လွှတ်တော်ဥက္ကဋ္ဌ Ali Larijani နဲ့ မစ္စတာ Khamenei နဲ့ ခမည်းခမတ် တော်သူ Gholam Ali Haddad Adel တို့ ပါဝင်ပါတယ်။ အခု မဲရလဒ်တွေအရ အတိုက်အခံတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မစ္စတာ Ahmandinejad ထောက်ခံမှုရခဲ့တဲ့ ကျေးလပ်ဒေသတွေမှာပါ မဲအများစုကို အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော်နေရာ ၃၀ အတွက် ရှေ့တပတ်ထဲမှာ တကျော့ပြန် ရွေးကောက်ပွဲတွေ ကျင်းပရလိမ့်မယ်လို့ အီရန်အစိုးရက ပြောပါတယ်။ ကျန်နေသေးတဲ့ နေရာတွေအတွက် မဲရလဒ်တွေကို တနင်္လာနေ့မှာ ကြေညာဖို့ မျှော်လင့်ရပါတယ်။

အီရန်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အဓိက အတိုက်အခံ ခေါင်းဆောင်တွေကတော့ သောကြာနေ့က ရွေးကောက်ပွဲတွေကို သပိတ်မှောက်ထားပြီး သူတို့ထဲက အများစုဟာလည်း အကျဉ်းချခံထားရတာ၊ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရတာတွေနဲ့ ရှေရိုးစွဲဝါဒီတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ကြီးစိုးတဲ့ အီရန်အစိုးရ ရုံးတွေမှာ တာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ခံရတာတွေနဲ့ ကြုံနေရပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ရလဒ်တွေအရ ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦးသာ ရွေးကောက်ခံထားရပြီး သူကတော့ တီဟီရန်က သူ့ရဲ့ မဲဆန္ဒနယ်မှာ ပြန်လည် အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG