သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲလိုသူ အီရန်သမ္မတသစ်ဖြစ်လာ


အီရန်နိုင်ငံ ရွေးကောက်ပွဲမှာ အနိင်ရရှိသူ Masoud Pezeshkian (မာဆွဒ် ပါဇစကီယန်)
အီရန်နိုင်ငံ ရွေးကောက်ပွဲမှာ အနိင်ရရှိသူ Masoud Pezeshkian (မာဆွဒ် ပါဇစကီယန်)

အီရန်သမ္မရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အလယ်အလတ်သဘောထားရှိသူ Masoud Pezeshkian (မာဆွဒ် ပါဇစကီယန်) က ခက်ခဲတဲ့လမ်းကို သူနဲ့အတူ ရှေ့ဆက်လျှောက်ကြပါလို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့က ကျင်းပခဲ့တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ သဘောထားတင်းမာသူ Saeed Jalili ကို ပြုပြင်ပြောင်းလဲရေးလိုလားသူ Masoud Pezeshkian အနိုင်ရခဲ့တာပါ။ ရှေ့ဆက်ရမယ့်ခရီးက ခက်ခဲတာမို့ ပြည်သူတွေရဲ့ ယုံကြည်မှု၊ စာနာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့သာ ချောချောမွေ့မွေ့ သွားနိုင်မှာ ဖြစ်တယ်လို့ သမ္မတသစ်က x လူမှုကွန်ရက်ပေါ်မှာ ဒီနေ့ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ နှလုံးခွဲစိတ်ဆရာဝန် Pezeshkian က လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ချမှတ်သွားဖို့ ကတိပြုခဲ့သလို လက်ရှိ ရပ်ဆိုင်းနေတဲ့ Nuclear သဘောတူညီမှုဆိုင်ရာ ညှိနှိုင်းမှုတွေ ပြန်လုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ ပိုပြီးလွတ်လပ်ခွင့်ပေးဖို့နဲ့ နိုင်ငံရေးမှာ အများပါဝင်လာနိုင်ရေးတွေကိုလည်း ကြိုးပမ်းသွားမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံမှာ နိုင်ငံဥသျှောင် Ayatollah Ali Khamenei ကသာ အာဏာအရှိဆုံးမို့ သမ္မတသစ်အနေနဲ့ သူ့ရဲ့ ကတိတွေကို ဘယ်လောက် လက်တွေ့လုပ်နိုင်မလဲဆိုတာအပေါ် အီရန်ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။ ဒါပေမဲ့ သဘောထားတင်းမာသူ ပြိုင်ဘက် Saeed Jalili အစား ပြုပြင်ပြောင်းလဲရေးလိုလားသူ Pezeshkian ကို ပြည်သူတွေက ရွေးချယ်ခဲ့ကြတာကြောင့် အီရန်မှာ လွတ်လပ်မှုနဲ့ အပြောင်းအလဲကို ဘယ်လောက်လိုလားနေသလဲဆို တွက်ဆနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

Masoud Pezeshkian သမ္မတသစ် ရွေးချယ်ခံရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း တရုတ်သမ္မတ Xi Jinping၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi၊ Saudi Arabia နိုင်ငံအပါအဝင် ပင်လယ်ကွေ့ဒေသနိုင်ငံတွေကလည်း ဝမ်းသာကြောင်း သတင်းစကားပါးခဲ့ကြပါတယ်။

Forum

XS
SM
MD
LG