ဥရောပသမဂ္ဂက အီရန်ရဲ့ ပြည်ပကို ရေနံတင်ပို့မှုအပေါ် ပိတ်ပင်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံက ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကို ရေနံရောင်းချမှုကို ရပ်တန့်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
အီရန်နိုင်ငံကနေ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေဆီ ရေနံတင်ပို့နေမှုကို ရပ်ဆိုင်းလိုက်ကြောင်း အီရန်ရေနံ ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပြီး ဖောက်သည် အသစ်တွေဆီကို ရောင်းချတော့မယ်လို့ ပြောဆို လိုက်ပါတယ်။
ဒီလိုလုပ်လိုက်တာဟာ EU ဥရောပသမဂ္ဂက ဇူလိုင်လ ၁ ရက်နေ့ကစပြီး အီရန်နိုင်ငံကနေ ရေနံတင်သွင်းနေမှုကို ပိတ်ပင်တော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
အီရန်နိုင်ငံက နျူကလီးယား အစီအစဉ်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတယ် ဆိုပြီး ဆန့်ကျင်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကနေ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်တာဖြစ်ပါတယ်။ အီရန်ကတော့ နျူကလီးယား လက်နက်ရယူဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒီလို ရေနံမတင်ပို့ဖို့ အီရန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေ အတွက် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ် မဟုတ်ဘူးလို့ ယူဆရပေမဲ့ တခြား ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အီတလီ၊ စပိန်၊ ဂရိစတဲ့ နိုင်ငံတွေကို သတိပေးလိုက်သလို ဖြစ်စေမှာ ဖြစ်ပါတယ်။
အီရန်နိုင်ငံက ထုတ်တဲ့ရေနံရဲ့ ၁၈% ကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံက အသုံးပြုနေပြီး အများစုကတော့ အိန္ဒိယ၊ တရုတ်နဲ့ အာရှနိုင်ငံတွေဆီ တင်ပို့နေတာ ဖြစ်ပါတယ်။
အီရန်ရဲ့ နျူကလီးယား အရေးကိစ္စ တင်းမာမှု ဖြစ်နေပြီး အစ္စရေးနိုင်ငံက အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှု ရှိနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ တွမ် ဒေါ်နီလွန် ဟာ အစ္စရေးနိုင်ငံကို ရောက်ရှိနေပြီး ဂျေရုဆလင်မှာ အစ္စရေးခေါင်းဆောင်တွေနဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။