သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်ရေယာဉ်ငယ် ၂ စင်းနဲ့ သင်္ဘောသား ၁၀ ဦး အီရန်ဖမ်းဆီး


အမေရိကန်ရေတပ်ရဲ့ စစ်ရေယာဉ်ငယ် ၂ စင်းပေါ်က အမှုထမ်းတွေကို အီရန်နိုင်ငံက ထိန်းသိမ်းထားပေမဲ့ သင်္ဘောအမှုထမ်းတွေနဲ့ စစ်ရေယာဉ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးမှာ ဖြစ်တဲ့အကြောင်း အီရန်နိုင်ငံက ကတိပြုပြောကြားထားတယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

စစ်ရေယာဉ် ၂ စင်းပေါ်မှာ အမျိုးသား (၉)ဦးနဲ့အမျိုးသမီး (၁)ဦးပါဝင်တဲ့သင်္ဘောသား စုစုပေါင်း ၁၀ ဦး လိုက်ပါသွားပြီး ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံကြား သွားနေစဉ် အမေရိကန်စစ်တပ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ဗွီအိုအေကို အင်္ဂါနေ့က ပြောပါတယ်။ အဲဒီစစ်သင်္ဘောနှစ်စင်းအနက် တစင်းဟာ စက်ပျက်နိုင်တဲ့အလားအလာရှိပေမဲ့ အခုချိန်မှာတော့ အခြေအနေကိုသဲကွဲစွာမသိရသေးပေမဲ့ ဖမ်းဆီးခံရချိန်မှာ သူတို့ဟာ အီရန်ရေပြင်ပိုင်နက်ထဲ ရောက်နေပုံရောက်နေတယ်လို့ယူဆရတဲ့အကြောင်းလည်း ကာကွယ်ရေးဌာနအရာရှိကပြောပါတယ်။

အခုလိုဖြစ်ပြီး မကြာခင်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarif နဲ့ အင်္ဂါနေ့နေ့ခင်းပိုင်းမှာ တယ်လီဖုန်းနဲ့ ပြောဆိုခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရအရာရှိတွေက အီရန်နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး၊ သူတို့အနေနဲ့ ထိန်းသိမ်းခံထားရသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အာမခံပြောကြားထားသလို၊ အမြန်ဆုံး လိုရာခရီးကို ဆက်နိုင်ဖို့အတွက်လည်း ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ကတိပြုထားတဲ့အကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ဆော်ဒီအာရေးဘီးယားပင်လယ်ကွေ့နဲ့ အီရန်ကုန်းတွင်းပိုင်းအကြား လမ်းခုလတ်မှာရှိတဲ့ ဖာစီကျွန်းအနီး ပါရှန်းပင်လယ်ကွေ့မှာ ဖြစ်ခဲ့တာလို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

Hormuz ရေလက်ကြားကို ဖြတ်သန်းနေတဲ့ အမေရိကန် သင်္ဘောတွေအနီးမှာ ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ ရန်လိုတဲ့ အပြုအမူမျိုးတွေ အီရန်က လုပ်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့တာ တလကျော် အကြာမှာပဲ အခုလို သတင်းတွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားရဲ့ လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေကို သူ့သမ္မတသက်တမ်းအတွင်း နောက်ဆုံးအကြိမ် ပြောကြားဖို့ရှိတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမတိုင်ခင် နာရီပိုင်းအလိုမှာပဲ အခုဖြစ်ရပ် ဖြစ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG