သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး ဆွေးနွေးဖို့ အီရန်ကို IAEA ရောက်


နျူကလီးယားအရေး ဆွေးနွေးဖို့ အီရန်ကို IAEA ရောက်
နျူကလီးယားအရေး ဆွေးနွေးဖို့ အီရန်ကို IAEA ရောက်

အငြင်းပွားစရာ ဖြစ်နေတဲ့ အီရန်နိုင်ငံက နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂရဲ့ နျူကလီးယားဆိုင်ရာ စစ်ဆေးရေး အဖွဲ့တစ်ခု အီရန်နိုင်ငံကို ရောက်နေပါတယ်။ ဒါဟာ သီတင်းသုံးပတ်အတွင်း ကုလသမဂ္ဂက အီရန်ကို ဒုတိယအကြိမ် ရောက်လာတာပါ။

ဒီအဖွဲ့ဟာ အီရန် နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဖို့ မြို့တော် တီဟီရန် အပြင်ဘက်မှာရှိတဲ့ Parchin ဆိုတဲ့ အီရန်စစ်စခန်းတစ်ခုနဲ့ လက်နက် စက်ရုံတစ်ခုကို သွားဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီကနေ့ပဲ အီရန်ရေဒီယိုက ကြေညာပါတယ်။ အဲဒီနေရာဟာ နျူကလီးယားအစီအစဉ်ကိုလျှို့ဝှက်ပြီး လုပ်နေတဲ့ နေရာလို့ သံသယအဖြစ် ခံနေရတာပါ။

အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်က စစ်ရေးအတွက် မဟုတ်ဘူးလို့ ဆိုပါတယ်။ IAEA နိုင်ငံတကာ အနုမြူအေဂျင်စီက နျူကလီးယား လေ့လာစစ်ဆေးရေး အဖွဲ့ရဲ့ အကြီးအကဲ Herman Nackaerts ဦးဆောင်တဲ့အဖွဲ့ဟာ တီဟီရန် မြို့တော်ကို ဒီကနေ့ပဲ ရောက်လာခဲ့တာပါ။ သူက အီရန်ရဲ့နျူကလီးယား အစီအစဉ်ဟာ စစ်ရေးမှာ အသုံးချဖို့ ဖြစ်နိုင်ခြေရှိတယ် ဆိုတဲ့ကိစ္စကို လေ့လာစမ်းစစ်ဖို့က သူ့ရဲ့ထိပ်တန်း ဦးစားပေး ကိစ္စပဲလို့ ပြောထားပါတယ်။

အီရန်အရာရှိတွေနဲ့ နှစ်ရက်ကြာ ပြောဆိုမှုတွေကနေ ခိုင်မာတဲ့ ရလဒ်တွေ ထွက်လာမလား ဆိုတာကို IAEA အဖွဲ့က ကြည့်ချင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ တိုးတက်မှုတွေကတော့ အချိန်ကြာနိုင်တယ်လို့လည်း IAEA စစ်ဆေးရေး အဖွဲ့ရဲ့ အကြီးအကဲ Herman Nackaerts က ပြောပါတယ်။

IAEA အဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြထားတဲ့ အထောက်အထားတွေအရ အီရန်ဟာ နျူကလီးယား လက်နက်လုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်က ရှင်းပြတာကိုလည်း အခုအီရန်မှာ ရောက်နေတဲ့ IAEA အဖွဲ့က ကြားချင်နေတာပါ။ အီရန်ဘက်ကတော့ IAEA ရဲ့ အစီရင်ခံစာက လုပ်ကြံ ဖန်တီးထားတာလို့ ဆိုပါတယ်။

XS
SM
MD
LG