သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား သဘောတူညီမှု အကျိုးရလဒ် Kerry ချပြ


ဗွီအိုအေရဲ့ ပါရှန်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း
ဗွီအိုအေရဲ့ ပါရှန်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း

အီရန်နဲ့ရရှိခဲ့တဲ့ နိုင်ငံတကာ နျူကလီးယား သဘောတူညီမှု ရရှိရေးမှာ သမ္မတ အိုဘားမား အစိုးရရဲ့ ကြိုးပမ်းမှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ဒီသဘောတူညီမှုကို အကောင်အထည် ဖော်လာနိုင်ရင်တော့ ကမ္ဘာကြီးအနေနဲ့ ပိုမို စိတ်ချလုံခြုံလာပြီး အမေရိကန်နဲ့ အီရန်တို့အကြား တခြားအခွင့်အလန်းတွေ ပွင့်လာနိုင်မယ်ဆိုတာကို သံသယရှိနေတဲ့ အထက်လွှတ်တော်အမတ်တွေကို နားချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် Richard Green သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ဗွီအိုအေရဲ့ ပါရှန်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီးကယ်ရီက အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့ ၆ နိုင်ငံအုပ်စုနဲ့ အီရန်အကြား ရရှိတဲ့ သဘောတူညီမှုကို အတည်ပြုပေးနိုင်ခြင်း မရှိခဲ့ရင် ပြဿနာတက်နေတဲ့ အရှေ့အလယ်ပိုင်းမှာ နောက်ထပ် ပဋိပက္ခတွေနဲ့ စစ်ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်ဆိုတာကို လွှတ်တော်အမတ်တွေအနေနဲ့ နားလည်လက်ခံလာလိမ့်မယ်လို့ သူ ယုံကြည်တဲ့အကြောင်း ပြောခဲ့ပါတယ်။

“ဒီသဘောတူညီမှုသာ မရခဲ့ရင် ကျနော်ထင်ပါတယ် အယာတိုလာ က မေးခွန်းထုတ်လာပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလူတွေနဲ့ ကျနော် ညှိနှိုင်းဆွေးနွေးရမှာလဲ။ သူတို့ဘက်က ဘာမှ ကမ်းလှမ်းလာတာ မရှိဘူး။ ဘာမှ လုပ်ပေးနိုင်တာ မဟုတ်ဘဲလို့ ပြောလာမှာပါ။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားရတာဟာ သဘောတူညီမှုရရှိဖို့ ရည်ရွယ်တာဖြစ်တဲ့အတိုင်း အဲဒီရရှိထားတဲ့ သဘောတူညီမှုကို အမေရိကန်ဘက်က အီရန်ဘက်က လက်မခံခဲ့ဘူးဆိုရင် ကမ္ဘာမှာရှိတဲ့ ကျနော်တို့ မဟာမိတ်တွေကြား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက်ပြီးတော့ ထောက်ခံဖို့ အကြောင်းရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ အန္တရာယ်ကြီးလှတဲ့ဒေသမှာ အားလုံး ပြိုကွဲကုန်မှာ ဖြစ်ပါတယ်။”

ဒီသဘောတူညီမှုမှာ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ အီရန်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွှတ်ပေးရေး အပါအဝင် ပိုကျယ်ပြန့်တဲ့ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးသင့်တယ်ဆိုတဲ့ အိုဘားမားအစိုးရအပေါ် ပြစ်တင်ဝေဖန်မှုကို ဝန်ကြီးကယ်ရီက ခုခံပြောဆိုခဲ့ပါတယ်။

“ကျနော်အရင်က ပြောခဲ့တဲ့အတိုင်းပါပဲ ဒီသဘောတူညီမှုမှာ အီရန်နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကြား ဒါမှမဟုတ် အမေရိကန်နဲ့ အီရန်ကြား ကိစ္စရပ် အမျိုးမျိုးကို ကျနော်တို့ ရွေးပြီးတော့ ဆွေးနွေးနေမယ်ဆိုရင် ဆယ်နှစ်ကြာ စေ့စပ်ညှိနှိုင်းလို့တောင် ပြီးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒါဟာ နျူကလီးယားကိစ္စရပ်နဲ့ ပတ်သက်သလို၊ နျူကလီးယား ထုတ်လုပ်မှုမှာ ရရှိနေတဲ့ တိုးတက်မှု အခြေအနေတွေအရ ကျနော်တို့မှာ အဲဒီလောက် အချိန်လည်း မရှိပါဘူး။”

အီရန်နဲ့ ရရှိခဲ့တဲ့ ဒီသဘောတူညီမှုကိုသာ အပြည့်အ၀ အကောင်အထည် ဖော်နိုင်ခဲ့ရင် အကျိုးရှိမယ့် ဖြစ်ထွန်းမှုတွေ အများကြီး ထွက်ပေါ်လာနိုင်တယ်လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။

“ရရှိလာမယ့် အခွင့်အလန်းတွေကတော့ ခရီးသွားခွင့်ရမယ့် အလားအလာ ပါဝင်ပါတယ်။ ဒါ့အပြင် ငွေကြေး၊ ဘဏ်လုပ်ငန်း၊ သွင်းကုန်ပို့ကုန် စသဖြင့်တို့ဟာ သီးခြားဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်ရင် ချက်ခြင်း လမ်းပွင့်လာမှာ ဖြစ်ပါတယ်။ အီရန်ကထွက်တဲ့ အစားအသောက်တွေနဲ့ ကောဇော စသဖြင့်တို့ကို ဒီမှာ ရောင်းချခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံး မဟုတ်ပေမဲ့ တချို့နေရာတွေမှာ လမ်းပွင့်သွားမှာပါ။ အရေးကြီးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကိုတော့ ဆက်ပြီးတော့ ချထားမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ နျူကလီးယား သဘောတူညီမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို တနင်္လာနေ့က ကန့်ကွက်မဲမရှိ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အိုဘားမားအစိုးရအနေနဲ့ ဒီသဘောတူညီမှုကို လွှတ်တော်ထံ တနင်္ဂနွေနေ့က တင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီသဘောတူညီမှုကို လေ့လာနိုင်ဖို့လည်း လွှတ်တော်အမတ်တွေအနေနဲ့ ရက် ၆၀ အချိန်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီရန်လွှတ်တော်အမတ်တွေအနေနဲ့လည်း ဒီသဘောတူညီမှုကို အတည်ပြုပေးရမှာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG