သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Margaret Thatcher နဲ့ နိုင်ငံတကာ အမှတ်ရမှုများ


ကွယ်လွန်သူ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Margaret Thatcher
ကွယ်လွန်သူ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Margaret Thatcher
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ (Margaret Thatcher) ဟာ လေဖြတ်တဲ့ ရောဂါဝေဒနာကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရပြီး တဲ့နောက် တနင်္လာနေ့က အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်အဖြစ် သက်တမ်း သုံးကြိမ် ဆောင်ရွက်ခဲ့စဉ်အတွင်း မာဂရက် သက်ချာ (Margaret Thatcher) ဟာ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေး မျက်နှာစာကို ပြောင်းလဲနိုင်သူအဖြစ် အသိအမှတ်ပြု ပြောဆို ခံရသူ ဖြစ်ပါတယ်။

မာဂရက် သက်ချာ (Margaret Thatcher) ကွယ်လွန်သွားတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Al Pessin နဲ့ Laurie Kassman တို့ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုံ့ပြန်ချက်တွေကို စုစည်းပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ (Margaret Thatcher) သေဆုံးကြောင်း မိသားစုဝင်တွေက ပြောဆိုတာကို မာဂရက် သက်ချာ (Margaret Thatcher) နဲ့ ပတ်သက်ပြီး တရားဝင်ပြောခွင့်ရသူက ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖော်ပြထားတာပါ။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (Elizabeth) ရဲ့ ဘွဲ့ထူးခံ အမျိုးသမီး တဦးဖြစ်တဲ့ မာဂရက် သက်ချာ (Margaret Thatcher) ဟာ ၁၉၇၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ၁၁ နှစ်ကြာ ဝန်ကြီးချုပ်တာဝန် ယူခဲ့စဉ်အတွင်းမှာ သူရဲ့ Conservative Party နဲ့အတူ သမဂ္ဂတွေရဲ့ ကြီးစိုးမှုကို ဆန့်ကျင်ခဲ့သလို ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်း တခုလုံးကို ပြောင်းလဲသွား အောင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

ကုန်စုံဆိုင် ပိုင်ရှင်တဦးရဲ့ သမီးဖြစ်တဲ့ မာဂရက် သက်ချာ (Margaret Thatcher) ဟာ ဗြိတိန်နိုင်ငံရဲ့ တဦးတည်းသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ၂၀ ရာစုနှစ်အတွင်း သက်တမ်း အရှည်ကြာဆုံး ဝန်ကြီးချုပ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်တာဝန်ကို ပထမဆုံးအကြိမ် စတင်ထမ်းဆောင်ချိန်က သူ့ရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်လို့ မာဂရက် သက်ချာ (Margaret Thatcher) က အခုလို ထုတ်ဖော် ပြောခဲ့ဖူး ပါတယ်။

“သဘောထား ကွဲလွဲမှုတွေကြားကနေ သဟဇာတ ဖြစ်မှုကို ရအောင် ဆောင်ကြဉ်းနိုင်ပါလိမ့်မယ်။ အမှားတွေကြားကနေ အမှန်ကို ဖော်ထုတ်နိုင်ပါတယ်။ သံသယတွေကြားကပဲ ယုံကြည်မှုကို တည်ဆောက်ရပါမယ်။ စိတ်ပျက် လက်မှိုင်ကျတဲ့ အခြေအနေမှာ မျှော်လင့်ချက်တွေကို ရအောင် မွေးယူနိုင်ပါလိမ့်မယ်။”

ဒါပေမဲ့ သုံးကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံရပြီး ဝန်ကြီးချုပ် တာဝန်တွေယူခဲ့တဲ့ သူ့ရဲ့ သက်တမ်းကာလအတွင်း အလုပ်သမား လူတန်းစားတွေနဲ့ ကင်းကွာအောင်လုပ်တာ၊ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချပစ်တာအပြင် တချို့သော ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အစိုးရဝန်ကြီးအဖွဲ့ဝင်တွေအကြား ကွဲလွဲမှုတွေ ဖြစ်စေတာမျိုးလို သဘောထား ကွဲလွဲမှုတွေ အတော်များများ ရှိခဲ့ပါတယ်။

မြောက်ပိုင်း အိုင်ယာလန်နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူဖြစ်သလို ဒီလက်နက်ကိုင် အဖွဲ့ဝင်တယောက် အကျဉ်းထောင်ထဲမှာ သေတဲ့အထိ အစာငတ် ခံခဲ့တာကို ဟန့်တားခြင်း မလုပ်ခဲ့ပါဘူး။

ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပ အဖွဲ့ဝင်ဖြစ်လာဖို့ကိစ္စကို ထောက်ခံခဲ့ပေမဲ့ နယ်စပ်ဆိုင်ရာ သဘောတူညီချက်တွေမှာ ပွင့်ပွင့်လင်းလင်း ပါဝင်တာမျိုး မလုပ်ဖို့နဲ့ ဘုံ ဥရောပ ငွေကြေး သုံးစွဲမှုမှာ မပါဖို့ အလေးအနက် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

Falkland ကျွန်းကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံကို အာဂျင်တီးနားနိုင်ငံနဲ့ စစ်ခင်းစေခဲ့ သူလည်း ဖြစ်ပါတယ်။

မာဂရက် သက်ချာ (Margaret Thatcher) ကွယ်လွန်မှုအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (Elizabeth) က တနင်္လာနေ့က ထုတ်ဖော် ပြောဆိုခဲ့သလို နိုင်ငံတော် စစ်တပ်နဲ့ ဂုဏ်ပြုမယ့် ဈာပန အခမ်းအနားနဲ့အတူ ရုပ်အလောင်းကို လန်ဒန်မြို့ လမ်းမတွေပေါ်ကနေ စိန့်ပေါလ်ဘုရားကျောင်းအထိ စီတန်း လှည့်လည်သွားဖို့ အစီအစဉ်ကိုလည်း ဘုရင်မကြီးက အတည်ပြုပေးခဲ့ပါတယ်။

Conservative ပါတီဝင်တဦးဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) ကတော့ မာဂရက် သက်ချာ (Margaret Thatcher) ဟာ ဗြိတိန်နိုင်ငံကို ခေါင်းဆောင်မှု ပေးခဲ့ရုံမက နိုင်ငံကို ကယ်တင်ခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ ငြိမ်းချမ်းတဲ့ကာလ ကြီးမြင့်တဲ့ ဗြိတိန်ဝန်ကြီးချုပ်တယောက်အဖြစ် သမိုင်းမှာ ကျန်ရစ်ခဲ့မယ့်သူလို့လည်း မစ္စတာ ကင်မရွန်း ကပြောပါတယ်။

ကွယ်လွန်သူ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်းနဲ့ ပတ်သက်လို့ ကမ္ဘာတဝှမ်းက နိုင်ငံ့
ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဟောင်းတွေကလည်း ချီးကျူးစကားတွေ အသီးသီး ဆိုခဲ့ကြပါတယ်။

ဒီအထဲမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း သူနဲ့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခဲ ဂိုဘာချော့ (Mikhail Gorbachev) လည်း ပါဝင်ပါတယ်။

မာဂရက် သက်ချာ (Margaret Thatcher) ဟာ တန်ဖိုးရှိတဲ့စကားတွေကို ပြောနိုင်တဲ့ ကြီးမြတ်တဲ့ နိုင်ငံရေးသမားတယောက် ဖြစ်တယ်လို့ဆိုပြီး သူ ကွယ်လွန်သွားတာဟာ ဝမ်းနည်းစရာ သတင်းပဲလို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း လွတ်လပ်ခြင်းနဲ့ လွတ်လပ်ခြင်း အခွင့်အရေးတွေဘက်ကနေ ရပ်တည်ကာကွယ်ခဲ့တဲ့ ခေါင်းဆောင်တယောက်ကို ကမ္ဘာက ဆုံးရှုံးလိုက်ရပြီး၊ အမေရိကန်ရဲ့ မိတ်ဆွေစစ်တဦး ဆုံးရှုံးလိုက်ရတာ ဖြစ်တယ် လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂ ကော်မရှင်အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို (Jose Manuel Barroso) ကလည်း မာဂရက် သက်ချာ (Margaret Thatcher) ဟာ ဥရောပဒေသ ပိုပြီး တည်ငြိမ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့သူတဦးလို့ ဆိုခဲ့ပါတယ်။

“သူမဟာ ကြီးမြတ်တဲ့ နိုင်ငံ့ခေါင်းဆောင် အမျိုးသမီးတယောက် ဖြစ်တယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ သူ့နိုင်ငံမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သလို ဥရောပ သမဂ္ဂအတွင်းမှာလည်း သတိနဲ့ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ ဘုံလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေအတွက် လူတွေက သူ့ကို မေ့သွားကြမှာ မဟုတ်ပါဘူး။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း စစ်အေးကာလ အထွဋ်အထိပ် ရောက်နေချိန်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဦးဆောင် ကြိုးပမ်းခဲ့တဲ့ မာဂရက် သက်ချာ (Margaret Thatcher) ဟာ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တဦးလို့ ဆိုလိုက်ပြီး၊ သူ့ရဲ့ ဦးဆောင်မှုကို ကမ္ဘာကြီးက အောက်မေ့ သတိရနေလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးမှာ အမျိုးသား၊ အမျိုးသမီး တန်းတူ ပါဝင်ဆောင်ရွက်နိုင်ကြောင်း အမျိုးသမီးတွေအကြား မျှော်လင့်ချက်တွေ ကြီးကြီးမားမား ဖြစ်လာအောင် မာဂရက် သက်ချာ (Margaret Thatcher) က စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ရှီမွန် ပဲရတ်စ် (Shimon Peres) ကလည်း မာဂရက် သက်ချာ (Margaret Thatcher) ဟာ ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့ ဆိုပါတယ်။

“အခြေအနေသစ်တရပ် ဖန်တီးဖို့အတွက် ခေါင်းဆောင်တွေနဲ့ အတွေးအခေါ်တွေကို စုစည်းနိုင်စွမ်းရှိတဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် သူဟာ ကျနော် လေးစားကြည်ညိုရဆုံး အားကျဂုဏ်ယူရဆုံး ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။”

ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ မာဂရက် သက်ချာ (Margaret Thatcher) ဟာ ၁၁ နှစ်တာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ပွင့်ပွင့်လင်းလင်း ဟောဟော ဒိုင်းဒိုင်း ပြောတတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်တယောက်၊ အများလေးစားရတဲ့ ခေါင်းဆောင်တယောက်အဖြစ် အသိအမှတ်ပြု ခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ ဝန်ကြီးချုပ်တယောက်အနေနဲ့ ဗြိတိန်နိုင်ငံကို သူ့အဆို အပျော့စား ဆိုရှယ်လစ် စနစ်ကနေ လွတ်လပ်တဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ ကြီးစိုးတဲ့နိုင်ငံ ဖြစ်လာတဲ့အထိ မူဝါဒတွေ ပြောင်းလဲ ချမှတ်နိုင်ခဲ့ပြီး၊ ဒါဟာ သူ့ရဲ့ အထင်ရှားဆုံး အောင်မြင်မှု ဖြစ်တယ်လို့ သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။

သူ့ကို ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေရောကတော့ သူဟာ နိုင်ငံရေးမှာ ရှေ့ဆောင်လမ်းပြ အမျိုးသမီးတဦး၊ ပြုပြင်ပြောင်းလဲရေး ဝန်ကြီးချုပ်တဦးအနေနဲ့ ဗြိတိန်နိုင်ငံကို ပြောင်းလဲမှုတွေ အကြီးအကျယ် ဆောင်ကြဉ်းခဲ့သူ ဆိုတာကို လက်ခံကြပါတယ်။

တခြားနိုင်ငံရေးသမားတွေလိုပဲ သူ ချန်ရစ်ခဲ့တဲ့ သမိုင်းအမွေအနှစ်တွေမှာ အဆိုးနဲ့အကောင်း ရောယှက်နေပါလိမ့်မယ်။ ဒါပေမဲ့ သူ့ကို အများက ဝိုင်းဝန်း နာမည်ပေးထားတဲ့အတိုင်း သူဟာ သံမဏိအမျိုးသမီးတဦး ဖြစ်တယ်ဆိုတာကိုတော့ အားလုံးက လက်ခံပုံရပါတယ်။
XS
SM
MD
LG