သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ပိုဖြစ်ဖို့ အီရန်သမ္မတ မျှော်လင့်


နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ပိုဖြစ်ဖို့ အီရန်သမ္မတ မျှော်လင့်

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း အီရန်သမ္မတ မာမွတ် အမ္မာဒီနီဂျတ် (Mahmoud Ahmadinejad) က ပြောဆိုလိုက်ပါတယ်။

သဘောတူညီချက် တစုံတရာ မရဘဲ အဆုံးသတ်သွားခဲ့တဲ့ တူရကီနိုင်ငံက ၂ ရက်ကြာ ညှိနှိုင်းမှုတွေအပြီး အီရန်သမ္မတက ဒီကနေ့ပဲ အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံအပြင် ဂျာမဏီနိုင်ငံပါ ပါဝင်တဲ့ အဖွဲ့နဲ့ အီရန်တို့ကြား ဆွေးနွေးမှုတွေမှာ ရလဒ် ဘာမှ မထွက်ခဲ့တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) က ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံက ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ တောင်းဆိုနေပြီး ဒါကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီတို့က လက်မခံ ငြင်းဆန်နေတဲ့အတွက် တူရကီနိုင်ငံက ဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်ဘဲ ဖြစ်ရတာလို့လည်း သူကပြောပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းသူ ဆာအိဒ် ဂျာလီလီ (Saeed Jalili) ကတော့ ယူရေနီယံ သန့်စင်မှု အပါအ၀င် နျူကလီးယား နည်းပညာတွေကို အသုံးချခွင့် အီရန်နိုင်ငံမှာ ရှိတယ်လို့ ပြောဆိုနေတာပါ။

ဆွေးနွေးမှုတွေဟာ ယထာဘူတကျမယ်၊ တိုင်းပြည်တခုရဲ့ အခွင့်အရေးကို လေးစား လိုက်နာမယ်ဆိုရင် အီရန်နိုင်ငံက ဆက်ပြီး ညှိနှိုင်းသွားဖို့ ဆန္ဒရှိတဲ့အကြောင်း ဂျာလီလီကို ကိုးကားပြီး အီရန်နိုင်ငံပိုင် သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အနောက်နိုင်ငံတွေကတော့ အီရန်ဟာ အဏုမြူဗုံး တည်ဆောက်ဖို့ နျူကလီးယား နည်းပညာတွေ ရှာဖွေနေတယ်လို့ စွပ်စွဲထားတာဖြစ်ပြီး အီရန်ကတော့ ဒါကို ငြင်းဆန်ထားတာပါ။

XS
SM
MD
LG