သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်-နျူကန့်သတ်ရေးနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ ချရေး မကြာခင်စမည်


အီရန်နိုင်ငံရဲ့ရေလေး နျူကလီယားလျှပ်စစ်စက်ရုံ။
အီရန်နိုင်ငံရဲ့ရေလေး နျူကလီယားလျှပ်စစ်စက်ရုံ။
အီရန်ရဲ့ နျူကလီယားအစီစဉ် ကန့်သတ်ရေးနဲ့ အပြန်အလှန် ပိတ်ဆို့ အရေးယူတာတွေကို လျှော့ချရေး သဘောတူညီချက်တွေကို လာမယ့် ဇန်နဝါရီလ (၂၀) ရက်နေ့မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

အခုသတ်မှတ်လိုက်တဲ့ ရက်စွဲကို နှစ်ဘက် တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ အတည်ပြု ထုတ်ပြန်လိုက်တာပါ။ ဒီသဘောတူညီချက် အတိုင်း ခြောက်လ အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ သီတင်းပတ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။

အီရန်နိုင်ငံကနေ သူရဲ့ ယူရေနီယံသန့်စင်မှုကို ၅ % လောက်ထိပဲ သတ်မှတ်ပြုလုပ်မှာ ဖြစ်သလို သန့်စင်ပြီး သိုလှောင်ထားတဲ့ ယူရေနီယံတွေကိုလည်း ဖျက်ဆီးလျှော့ချသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကိုလည်း အီရန်နိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ချက်တွေအတွက် အပြန်အလှန်အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ကနေ အီရန်အပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတွေကို လျှော့ချသွားမှာဖြစ်ပါတယ်။

အီရန်ရဲ့နျူကလီယားအစီအစဉ် ယာယီရပ်ဆိုင်းမယ့်အရေး ဆွေးနွေးပွဲမှာပါဝင်တဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမဏီနိုင်ငံတွေဖြစ်ပါတယ်။
XS
SM
MD
LG