အီရန်နိုင်ငံအနေနဲ့ အနုမြူလက်နက် မပိုင်ဆိုင်နိုင်အောင် ကာကွယ်ဖို့ကိစ္စမှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ တသဘောတည်း ရှိကြတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား က ဟာဝိုင်အီမှာကျင်းပတဲ့ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံရဲ့ အဆုံးမှာ ပြောသွားပါတယ်။ ဒီသတင်းကိုတော့ ဟိုနိုလူလူမြို့ကနေ ဗွီအိုအေသတင်းထောက် Dan Robinson သတင်းရေးသားပေးပို့တာကို မအေးသန္တာကျော်က တင်ပြထားပါတယ်။
သမ္မတ အိုဘားမားက ဟာဝိုင်အီမှာရောက်ရှိနေခိုက် တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ သမ္မတတွေနဲ့ ပြောဆိုဆွေးနွေးခဲ့ရာကနေ အဓိက ကိစ္စရပ်တစ်ခုမှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့လုပ်ဆောင်ရမယ့်ပန်းတိုင်က ဘာလဲဆိုတာ ကျနော်တို့ သုံးနိုင်ငံလုံး အပြည့်အဝ သဘောတူပါတယ်။ အီရန်နိုင်ငံအနေနဲ့ အနုမြူလက်နက် မထုတ်လုပ်နိုင်အောင် တားဆီးဖို့ အဲဒီဒေသအတွင်းမှာ အပြိုင်အဆိုင် အနုမြူလက်နက် ထုတ်လုပ်ကြတာမျိုး မဖြစ်စေဖို့ ကျနော်တို့ သေချာလုပ်ဆောင်ကြမှာပါ။”
နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ အစီရင်ခံစာအရ အီရန်မှာ အနုမြူလက်နက် မရှိသေးဘူးဆိုပေမဲ့ နိုင်ငံတကာကိုပေးထားတဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီး အနုမြူလက်နက် ပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်မှုတွေ ရှိတယ်ဆိုတာ တွေ့ရတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
ဒီကိစ္စကို သံတမန်နည်းနဲ့ ဖြေရှင်းရင်ရနိုင်မလားဆိုတာ သိရဖို့ အီရန်နိုင်ငံကို ဖိအားပေးဖို့ ဘယ်လိုနည်းတွေနဲ့ လုပ်ဆောင်နိုင်မလဲ ဆိုတာတွေအတွက် အမေရိကန် တရုတ်နဲ့ ရုရှားတို့ နီးနီးကပ်ကပ် တိုင်ပင်သွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အီရန်နိုင်ငံနဲ့ပတ်သက်ရင် အမေရိကန်ပြည်ထောင်စုက နည်းမျိုးစုံ အသုံးပြုသွားမှာ ဖြစ်တယ်၊ အီရန်အစိုးရကလည်း သူတို့ အနုမြူလက်နက် မထုတ်လုပ်နိုင်ဖို့ သူတို့ဒေသတွင်း လက်နက်အပြိုင်အဆိုင် ထုတ်လုပ်ကြတာမျိုး မဖြစ်စေဖို့အတွက် ကမ္ဘာက မရ ရအောင် တားဆီးသွားမယ် ဆိုတာကိုသိတယ်လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမားက ထပ်ပြီး ပြောသွားပါတယ်။
သမ္မတ အိုဘားမားဟာ ဒီကနေ့မှာ သြစတြေးလျနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ တစ်ရက်တာရောက်ရှိနေစဉ်အတွင်းမှာ သမ္မတ အိုဘားမားက သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံနဲ့ အမေရိကန်တို့ရဲ့ ၁၉၅၁ ခုနှစ် သဘောတူညီချက် နှစ် (၆၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။ ဒါ့အပြင် သြစတြေးလျက စစ်စခန်းတွေကို အမေရိကန်စစ်တပ်က တိုးချဲ့အသုံးပြုခွင့် ရရှိဖို့ ဆွေးနွေးပြီး သဘောတူညီချက်ကို တရားဝင်ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။
သြစတြေးလျနိုင်ငံကနေ ထွက်ခွာပြီးတော့ သမ္မတ အိုဘားမားဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို သွားရောက်ပြီးတော့ ဒေသတွင်း ARF ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပါတယ်။ အဲဒီမှာလည်း သမ္မတက APEC ညီလာခံမှာ ပြောသွားသလိုပဲ အာရှပစိဖိတ်ဒေသဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်းမှာ ပိုပြီးတော့
သက်ဝင်လှုပ်ရှားလာမယ်လို့ ယုံကြည်ကြောင်း၊ အဲဒီဒေသရဲ့တည်ငြိမ်မှုဟာ အရေးကြီးလှကြောင်း ထပ်ပြီး ပြောကြားဖို့ရှိပါတယ်။