အီရန်နိုင်ငံက နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေအတိုင်း ဖြစ်မယ်ဆိုရင် အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို ပြန်စလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း အီရန်သမ္မတ မာမွတ် အမ္မာဒီနီဂျတ် (Mahmoud Ahmadinejad) က ပြောဆိုလိုက်ပါတယ်။ အီရန်ဘက်က လိုလားတဲ့ သတ်မှတ်ချက်တွေကိုတော့ မကြာခင် ကြေညာမယ်လို့လည်း ဆိုပါတယ်။
အီရန်အပေါ် နောက်ဆုံး ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို စည်းကမ်းတကျ ဖြစ်အောင် လုပ်ရမယ်လို့လည်း ဒီကနေ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ အမ္မာဒီနီဂျတ်က ပြောဆိုလိုက်တာပါ။
လက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ အနောက်နိုင်ငံတွေက သံသယရှိနေကြတဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကြောင့် စတုတ္ထအကြိမ် အရေးယူ ဒဏ်ခတ်မှု အသစ်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီတပတ်ထဲမှာပဲ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ (EU) ကလည်း အီရန်အပေါ် အရေးယူမှုတွေ ချမှတ်ဖို့ ပြင်ဆင်နေတာပါ။
အီရန်နိုင်ငံကတော့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေတာလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
အီရန်ဟာ ပိုပြီးကြီးမားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို အသစ် ၄ ခု ဆောက်လုပ်ဖို့ အစီအစဉ် ရှိတယ်လို့လည်း အီရန် အဏုမြူစွမ်းအင်ဌာန အကြီးအကဲက ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။ ဒီဓာတ်ပေါင်းဖိုတွေကနေ တခြား အစ္စလမ်နိုင်ငံတွေက ဆေးသုတေသန လုပ်ငန်းအတွက် နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့လည်း အီရန် အဏုမြူစွမ်းအင်ဌာန အကြီးအကဲ အလီ အက်ခ်ဘာ ဆာလေဟီ (Ali Akbar Salehi) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။