သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမိုင်းတင် အီရန်နျူကလီးယား သဘောတူညီမှု နိုင်ငံတကာတုံ့ပြန်


အီရန်အနေနဲ့ နျူကလီးယားဗုံး လက်ဝယ်မပိုင်ဆိုင်နိုင်ဖို့ အာမခံချက်ပေးမယ့် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်နိုင်ငံကြား သမိုင်းတင် သဘောတူညီမှု ရရှိတဲ့သတင်းကို အစ္စရေးလ်နိုင်ငံ ပြစ်တင်ရှုတ်ချလိုက်ပေမဲ့ ကုလသမဂ္ဂနဲ့ အီရန် အိမ်နီးချင်းနိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။

အီရန်နဲ့ အင်္ဂါနေ့က ရရှိလိုက်တဲ့ သဘောတူညီမှုဟာ သမိုင်းမှာ ထိတ်လန့်စရာကောင်းတဲ့ မဟာအမှားကြီးတရပ် ဖြစ်တယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyahu က ဝေဖန်လိုက်ပါတယ်။ နိုင်ငံတကာနဲ့ အီရန်ကြားရရှိတဲ့ နျူကလီးယားသဘောတူညီမှုကို သူ့နိုင်ငံအနေနဲ့ လိုက်နာစရာမလိုဘဲ အစ္စရေးလ်အနေနဲ့ ကိုယ့်နိုင်ငံကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ မစ္စတာ Netanyahu က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းကတော့ ဆော်ဒီအာရေးဗျက လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတဦးက ဒီအီရန်နဲ့ ရရှိတဲ့သဘောတူညီမှုဟာ ဒေသတွင်း ကမောက်ကမ ဖြစ်စေခဲ့ရင် အရှေ့အလယ်ပိုင်း အခြေအနေဟာ လက်ရှိထက်ပိုပြီး အန္တရာယ်ကြီးလာနိုင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဗီယက်နာမှာ စေ့စပ်ညှိနှိုင်းသူတွေ အင်္ဂါနေ့က ရရှိခဲ့တဲ့ သဘောတူညီမှုကို ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အချေအတင် ဆွေးနွေးမှုကနေ တန်ဖိုးရှိတဲ့ရလဒ် ထွက်ပေါ်နိုင်တယ်ဆိုတဲ့ သာဓကဖြစ်တယ်လို့လည်း သူက ချီးကျူးလိုက်ပါတယ်။

ရုရှားသမ္မတ Valdimir Putin ကတော့ ဒီနျူကလီးယား သဘောတူညီချက် ရရှိလိုက်တဲ့အတွက် ကမ္ဘာကြီးအနေနဲ့ စိတ်သက်သာရာ ရစေခဲ့တယ်လို့ ပြောလိုက်ပြီး စေ့စပ်ညှိနှိုင်းခဲ့တဲ့ နိုင်ငံတွေဟာ တည်ငြိမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဥရောပသမဂ္ဂကတော့ ဒီသဘောတူညီချက်ဟာ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် သမိုင်းစာမျက်နှာသစ် ဖွင့်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG