သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား သဘောတူညီချက်ရရှိ


အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကို ကန့်သတ်ပြီး အပြန်အလှန်အနေနဲ့ အီရန်အပေါ် ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံများ အဖွဲ့တို့ကြား ဆယ်နှစ်ကျော် ညှိနှိုင်းခဲ့ရတဲ့ သမိုင်းဝင် သဘောတူညီချက် ရသွားပြီ ဖြစ်ပါတယ်။

အခုရခဲ့တဲ့ သဘောတူညီချက်ကနေ အမေရိကန်တွေရဲ့ သံတမန်ရေးကြိုးပမ်းမှုဟာ တကယ်စစ်မှန်ပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်တယ် ဆိုတာကို ပြသနေတယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောဆိုလိုက်ပါတယ်။

အခုရရှိလိုက်တဲ့ ပြီးပြည့်စုံတဲ့ ရေရှည် သဘောတူညီချက်ကနေ အီရန်ကို နျူကလီးယား လက်နက် ပိုင်ဆိုင်မှု မရှိအောင် ကာကွယ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် တကယ်လို့ အခုသဘောတူညီချက်ကို ပိတ်ပင်ဖို့ အမေရိကန် လွှတ်တော်မှာ တင်သွင်းမှု မှန်သမျှကို သူက ဗီတိုအာဏာသုံး ပယ်ချမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေ လျှော့ချပေးဖို့နဲ့ ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီရဲ့ ကြီးကြပ်မှုအောက်မှာရှိဖို့ အချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ရေးဆွဲနိုင်ဖို့ ချောချောမွေ့မွေ့ဖြစ်အောင် သီတင်းပတ်ပေါင်းများစွာ ဆက်တိုက် ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ EU ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့က ဒီသဘောတူညီချက်ကို ရပြီဖြစ်ကြောင်း Vienna မှာ ကြေညာလိုက်ပြီး ချက်ချင်းဆိုသလိုပဲ သမ္မတ အိုဘားက အခုလို ပြောကြားလိုက်တာပါ။

EU ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Mogherini ကတော့ ဒီသဘောတူညီချက်ဟာ မျှတမှုရှိသလို ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အဖွဲ့အားလုံးရဲ့ အကျိုးစီးပွားကိုလည်း အလေးထားမှုရှိကြောင်း ပြောပါတယ်။ မစ္စတာ Zarif ကလည်း မစ္စ Mogherini လိုပဲ ထပ်တူ ပြောကြားခဲ့ပါတယ်။ အီရန်နျူကလီးယားဆိုင်ရာ ပြီးပြည့်စုံတဲ့ သဘောတူညီချက်ရဖို့အတွက် လပေါင်းများစွာ ညှိနှိုင်းခဲ့ရတဲ့ သံတမန်တွေရဲ့ နောက်ဆုံး တွေ့ဆုံတဲ့ အစည်းဝေးအပြီးမှာ အခုလို ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲ မပြုလုပ်ခင်ကတော့ မစ္စတာ Zarif က ဒီသဘောတူညီချက်ဟာ အီရန်အတွက်ရော P5+1 လို့သိကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ဂျာမဏီ တို့ပါဝင်တဲ့ အဖွဲ့အတွက်ပါ ၂ ဘက်စလုံး အရှုံးမရှိတဲ့ သဘောတူညီချက်တခုလို့လည်း ပြောဆိုခဲ့ပါတယ်။ အီရန်သမ္မတ Hassan Rouhani ကတော့ ဒီလို သဘောတူညီချက် ရခဲ့တာအတွက် ချီးကျူးလိုက်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာ စာမျက်နှာသစ် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။

XS
SM
MD
LG