သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အရေး စိုးရိမ်မှု အီရန် ဖြေရှင်းရန် အသင့်


အီရန်နိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးမယ်ဆိုရင် အပြန်အလှန် အနေနဲ့ နျူကလီးယား အစီအစဉ်တွေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြတဲ့ ကိစ္စတွေကို ဖြေရှင်းသွားဖို့ အဆင်သင့် ရှိနေတဲ့အကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။ အီရန်အနေနဲ့ ယူရေနီယံ ထုတ်လုပ်ဖို့ အခွင့်အရေး ရှိတယ်လို့ တလျှောက်လုံး လက်ခံထားတာ ဖြစ်ပေမဲ့လည်း သန့်စင်မှု ပမာဏနဲ့ ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းရေး အတွက်ကိုတော့ လမ်းဖွင့်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အလီ အာကဘာ ဆာလေဟီ (Ali Akbar Salehi) က အီရန်သတင်းဌာန တခုကို ပြောလိုက်တာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ် နိုင်ငံတို့အပြင် ဂျာမဏီ နိုင်ငံတွေက သံတမန်တွေနဲ့ပါ စနေနေ့က ဆွေးနွေးရာ မှာတော့ အပြု သဘောဆောင် တိုးတက်မှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။ တချိန်တည်းမှာပဲ အီရန်ရဲ့ နျူကလီးယား အစီအစဉ် တွေနဲ့ ပတ်သက်လို့ လိုက်နာဖို့ တောင်းဆိုချက်တွေကို စတင်ဆောင်ရွက်တာတွေ မရှိပဲနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့စရာ အကြောင်းမရှိဘူးလို့ ဥရောပသမဂ္ဂ (EU) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒိန်းမတ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်တဲ့အကြောင်း ရိုက်တာစ် သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။

အီရန်နိုင်ငံဟာ နျူကလီးယား လက်နက် ထုတ်လုပ်မှုတွေကို အရပ်ဖက် လုပ်ငန်းတွေနဲ့ ဖုံးကွယ်ထားတယ်လို့ နိုင်ငံ အတော်များများက သံသယဝင်နေကြပေမဲ့ အီရန်ကတော့ ဒါဟာ မဟုတ်ဘူးလို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။ နျူကလီးယား အရေး တူရကီနိုင်ငံမှာ နောက်ဆုံးဆွေးနွေးပွဲတွေ ကျင်းပခဲ့တဲ့ တနင်္ဂနွေနေ့မှာ တော့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အီရန်နိုင်ငံကို ဘာအခွင့်အရေးမှ ပေးမှာ မဟုတ်တဲ့ အကြောင်း ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG