သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယား သဘောတူညီမှု အပေါ် ကန်သဘောထား


အီရန်နိုင်ငံနဲ့ သဘောတူညီမှုရခဲ့တဲ့ နျူကလီယားအရေးနဲ့ ပတ်သက်ပြီး လူထုကို အသိပေး ရှင်းလင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အဓိက ရုပ်မြင်သံကြားဌာန ၅ ခုနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်အကြား လပေါင်းအတော်ကြာ ဆွေးနွေး ညှိနှိုင်းကြခဲ့ပြီးနောက် နျူကလီယားလက်နက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်း နေတာတွေကို ရပ်ဆိုင်းဖို့ အီရန်အနေနဲ့ သဘောတူခဲ့တာပါ။ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဒါဟာ ဘယ်လောက်အထိအောင် ကောင်းကျိုး သက်ရောက်နိုင်မလဲဆိုတာကို မစ္စတာကယ်ရီအနေနဲ့ လူထုကို ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။

သမ္မတအိုဘားမားကလည်း အခု အီရန်နဲ့ သဘော တူညီချက်ရရှိခဲ့တဲ့အပေါ် လွှတ်တော်အနေနဲ့ အဟန့်အတားလုပ်မယ်ဆိုရင် သူ့အနေနဲ့ ဗီတိုသုံးပြီး ပယ်ချမယ်လို့ ပြောဆိုထားပြီး ဘယ်တုန်းကမှ အီရန် အနေနဲ့ နျူးကလီယားထုတ်လုပ်ဖို့ ဆောင်ရွက်နေတာကို ရပ်ဆိုင်းနိုင်အောင် မလုပ်နိုင်ခဲ့ဖူးဘူးလို့ ပြောပါတယ်။ သမ္မတအိုဘားမားရဲ့ အပတ်စဉ် မိန့်ခွန်းထဲမှာ အီရန်အနေနဲ့ဒီရရှိထားတဲ့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး လှည့်ဖျားလို့ ရနိုင်မှာ မဟုတ်ကြောင်းနဲ့ အဲဒီလိုမလုပ်နိုင်အောင် အဆင့်ဆင့် စုံစမ်းစစ်ဆေးသွားနိုင်ဖို့ အားလုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အီရန်အနေနဲ့ နျူကလီယားနဲ့ ပတ်သက်တဲ့ ပစ္စည်း ၉၈ ရာခိုင်နှုန်းကို နိုင်ငံပြင်ပကို ပို့ဆောင်ဖို့ သဘောတူညီချက်ကို ချိုးဖောက်မယ်ဆိုရင် အီရန်ရဲ့ စီးပွားရေးကို အားအင်ချိနည့်စေတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်အသက်သွင်းမှာ ဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Khamenei ကတော့ အခုလို သဘောတူညီချက် ရလိုက်တာဟာ တခြားကိစ္စရပ်တွေအားလုံးမှာ အတူပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အချက်ပြလိုက်တာမဟုတ်ကြောင်း ရာမဒမ် ဥပုသ်ကာလပြီးဆုံးခြင်း အထိမ်းအမှတ်အနေနဲ့ နိုင်ငံကိုပြောကြားတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အီရန်နဲ့ရရှိတဲ့ နျူကလီယားအရေး သဘောတူညီချက်နဲ့ပတ်သက်လို့ ဗီယင်နာမှာရှိတဲ့ ကုလလုံခြုံရေးကောင်စီက တနင်္လာနေ့အစောပိုင်းမှာ အတည်ပြုပေးသွားမှာ ဖြစ်တယ်လို့ သံတမန်တွေက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ အီရန်အပေါ်ချမှတ်ထားတဲ့ နိုင်ငံတကာရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့ချသွားဖို့နဲ့ အီရန်အနေနဲ့ နျူကလီယားအစီအစဉ်ကို စွန့်လွှတ်ဖို့ စတာတွေ ထိပ်ဆုံးကပါဝင်ပါတယ်။

XS
SM
MD
LG